ပြည်ကြီးတံခွန်မြို့နယ် အ-ထ-က(၂၇)ကျောင်းတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးနှင့် ကဗျာရေးစပ် ပြိုင်ပွဲများ ကျင်းပ

ပြည်ကြီးတံခွန် စက်တင်ဘာ ၁၀

အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အဆင့် အခြေခံပညာအထက်တန်း၊ အလယ်တန်းစာစီစာကုံးနှင့် ကဗျာရေးစပ်ပြိုင်ပွဲများကို ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

အဆိုပါ စာစီစာကုံးနှင့် ကဗျာရေးစပ် ပြိုင်ပွဲများကို ပြည်ကြီးတံခွန်မြို့နယ် ပညာရေးမှူးရုံး၏ အစီအစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး စာစီစာကုံးပြိုင်ပွဲ၌ အထက်တန်းအဆင့်တွင် ပညာဥယျာဉ်မှူး ခေါင်းစဉ်ဖြင့်  ကျောင်းသား/ကျောင်းသူ(၂၂)ဦး၊  အခြေခံ ပညာအလယ်တန်းအဆင့်တွင် ဆရာမပြနည်းမကျ ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ (၃၁) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကဗျာရေးစပ်ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းအဆင့်ပြိုင်ပွဲ၌ ကြယ်ဓူဝံပမာ မြတ်ဆရာခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ (၂၄)၊ အခြေခံပညာအထက် တန်းအဆင့်ပြိုင်ပွဲ၌ ဆရာသခင်ကျေးဇူးရှင် ခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူ (၂၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

မြို့နယ်အဆင် စာစီစာကုံး၊ ကဗျာရေးစပ် ပြိုင်ပွဲသို့ မြို့နယ်ပညာရေးမှူး ဒေါ်နှင်းမူ၊ ဒုတိယမြို့နယ်ပညာရေးမှူး‌ ဦးအောင်သန်းထွန်းနှင့် တာဝန်ရှိသူများ၊ အ-ထ-က(၂၇) ကျောင်းအုပ်ဆရာကြီး ဒေါက်တာ အောင်သက်ဆွေနှင့် ဆရာ/‌ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး ပြိုင်ပွဲများသို့ မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၉၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ခင်စောလွင်