မင်းဘူးမြို့နယ်အတွင်း လမ်းနှင့်တံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

မင်းဘူး စက်တင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ ဒေသခံပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန် ကွန်ကရစ်လမ်းခင်းခြင်းနှင့် ပေါင်းတံတားများ တည်ဆောက်ပေးခြင်းစသော အဆင့်မြှင့်တင် ဆောက်လုပ်ခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဌေးအောင်နှင့် တာဝန်ရှိသူများ ယမန်နေ့နံနက် (၉) နာရီက ကြည့်ရှုစစ်ဆေးခဲ့သည်။

မင်းဘူးမြို့တွင် အမှတ် ၁၊ ၂၊ ၃ ရပ်ကွက်များရှိ ပေါင်းတံတားများနှင့် ရပ်ကွက်အတွင်းမှ ကွန်ကရစ်လမ်းများကို  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၄၅၃) ဒသမ (၀၆) သန်းဖြင့် တာဝန်ခံအင်ဂျင်နီယာ (SAE) ဒေါ်သန္တာမိုးက လမ်းလုပ်ငန်း (၉) ခု၊ တံတားလုပ်ငန်း (၁၄) ခု၊ စုစုပေါင်းလုပ်ငန်း (၂၃) ခု ဆောင်ရွက်လျက်ရှိပြီး (၈၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ လမ်းနှင့် တံတားများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို မင်းဘူးမြို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ကော်မတီဥက္ကဋ္ဌ ဦးသန်းဌေးအောင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက လုပ်ငန်းအချိန်မီ ပြီးစီးနိုင်ရေးနှင့် သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြည့်ရှုမှာကြားသည်။

ဇေယျာထက်(မင်းဘူး)