ပြည် စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ ယနေ့နံနက်ပိုင်းက ကျန်းမာရေးမှူး (၄) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က "နိုင်ငံတော်အနေဖြင့် လူတိုင်းလက်လှမ်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝရရှိစေရန်အတွက် အခြေခံကျန်းမာရေးဝန်ထမ်းများကို မြို့ပြမှ ကျေးလက်ဒေသအောက်ခြေအထိ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ယခုလို လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် ယခုဖွင့်လှစ်မယ့် ကျန်းမာရေးမှူး(၄)သင်တန်းကာလအတွင်း စည်းကမ်းတကျနှင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြရန် အလေးအနက်ထားမှာကြားလိုကြောင်း "ပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနုတ်ဆက်အားပေးစကားပြောကြားသည်။
အဆိုပါသင်တန်းသည် ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ် ၁၅ ခုရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနများတွင် ခန့်ထားပြီးဖြစ်သော နေ့စားဝန်ထမ်း စုစုပေါင်း ၂၀၆ ဦးအနက် ၁၀၃ ဦးကို ပထမအသုတ်အဖြစ် သင်တန်းဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ပြီး သင်တန်းကို ၂၀၂၅ ခုနှစ် မတ်လအထိ သင်တန်းကာလ ၆ လကြာ ဖွင့်လှစ်မည်ဖြစ်ကာ သင်တန်းတွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆိုင်ရာ စာတွေ့နှင့် လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်းများကို လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးမှ သိရသည်။
ကိုဆက် (ပြန်/ဆက်)