ဒေးဒရဲမြို့နယ် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်( ၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးနှင့် (Biometric Data)များ ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး

ဒေးဒရဲ စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက " လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးနှင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းများကို  ယနေ့နံနက်ပိုင်းက ရှမ်းကန်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်းတွင် ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပန်းခင်းစီမံချက်(၃)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒေးဒရဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးနိုင်ဦးလှိုင် ကြီးကြပ်မှုဖြင့် တိုက်နယ်မှူး ဦးအောင်ကျော်ဝင်းနှင့်  ဝန်ထမ်းများက ရှမ်းကန်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းရှိ အသက် (၁၆)နှစ် ပြည့်ပြီးသူများ၊ အသက် (၁၈)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား  ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် (Biometric)ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူပေးခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ သက်ဆိုင်ရာ တိုက်နယ်မှူးများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒေးဒရဲမြို့နယ်ဦးစီးမှူးရုံးက သိရသည်။

အေဇာလင်း(ပြန်/ဆက်)