ဒေးဒရဲ စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ စပါးစိုက်ပျိုးလယ်မြေများတွင် စပါးပန်းတိုင်အထွက်နှုန်း တိုးတက်စေရေး ရည်ရွယ်၍ စိုက်ပျိုးနည်းစနစ်များနှင့် ပိုမွှားကာကွယ်ရေးနည်းလမ်းများကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိဆောင်ရွက်နိုင်စေရေး ကျေးရွာများအရောက် အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်(၁၀)နာရီက မှော်အိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်ပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောခြင်းကို ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက ပိုးမွှားကာကွယ်ရေး တာဝန်ခံ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ခိုင်က ရာသီအလိုက် ကျရောက်လာနိုင်သည့် ပိုးမွှားအန္တရာယ်များနှင့် ရွှေခရုများအား ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ကျရောက်လာပါက လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေး ဟောပြောခြင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇင်မောင်မောင်က တစ်ဧကမိုးစပါးပန်းတိုင်အထွက်နှုန်း တိုးတက်စေရေးအတွက် ကြဲခင်းအစား ပျိုးခင်းစနစ်ပြောင်းလဲစိုက်ပျိုးရေး၊ ကျန်ကျစရိတ်သက်သာသည့် မျိုးစေ့ချကိရိယာ အသုံးပြုနိုင်ရေး၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ အချိုးကျ ရောစပ်အသုံးပြုနည်းများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်း ပိုမိုတိုးထွက်စေရေးအတွက် စိုက်ပျိုးနည်းစနစ်များအား စိုက်ကွင်းများအရောက် ကွင်းဆင်းအသိပညာပေး ဟောပြောခြင်း၊ သွင်းအားစုများအား စျေးနှုန်းသက်သာစွာ ဝယ်ယူအသုံးပြုနိုင်ရေး သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)