ကျိုက်လတ်မြို့နယ် ဓမ္မရက္ခိတ‌‌ကျောင်းတိုက်တွင် ဇီဝိတဒါန အခမဲ့ကုသိုလ်ဖြစ်ဆေးခန်းနှင့် ကွန်ပျူတာပညာဒါန အပတ်စဉ် သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ကျိုက်လတ် စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ဒရင်ကောက်ကျေးရွာအုပ်စု၊ ကမာချိုင့်ကျေးရွာ၊ ဓမ္မရက္ခိတ‌‌ကျောင်းတိုက်တွင် ယမန်နေ့ မွန်းတည့်(၁၂)နာရီက 119 စတိုး မိသားစုမှ ဇီဝိတဒါန အခမဲ့ကုသိုလ်ဖြစ်ဆေးခန်းနှင့် ကွန်ပျူတာပညာဒါန အပတ်စဉ် သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး ဓမ္မပန်းတိုင်ဆရာတော် အရှင်သုတသောမ(သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ၊ ဓမ္မပါလဖောင်ဒေးရှင်း DPF ဓမ္မရက္ခိတ‌ ‌ကျောင်းတိုက် ဒု-ဝန်ဆောင်၊ ဓမ္မစကူးလ်-တိုင်းနည်းပြ)ထံမှ သရဏဂုံ သီလခံယူ ဆောက်တည် ခဲ့ကြသည်။ ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က ဝမ်းမြောက် စကားပြောကြားခဲ့ပြီး 119 စတိုး မိသားစု၏ တာဝန်ရှိသူတစ်ဦးမှ အခမဲ့ဆေးခန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ဆက်လက်၍ 119 စတိုး မိသားစုနှင့် တာဝန်ရှိသူများက သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

ထို့နောက် ဓမ္မပါလဆရာတော် အရှင်ပါကဋာလင်္ကာရ (ဓမ္မကထိက၊ ဂုဏ်ထူးဆောင်(၉)ဘွဲ့ရ၊ ဓမ္မပါလဖောင်ဒေးရှင်း DPF အကျိုးဆောင်ချုပ်၊ မြို့နယ်သံဃနာယကအဖွဲ့ အကျိုးဆောင်၊ တိုင်းသံဃာ့ဝန်ဆောင်၊ ပြည်တွင်း၊ ပြည်ပသာသနာပြု၊ ဓမ္မစကြာစက်ဝိုင်းဒေသနာကျမ်းပြုဆရာတော်)က အနုမောဒနာ တရားနာယူကြပြီး ရေစက်သွန်းချ အမျှပေးဝေကာ တက်ရောက် လာကြသူများက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ပြီးမြောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ အဖွဲ့ဝင်(၂)ဦးစိန်မြင့်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး ဒေါက်တာ သန့်ဇော်မောင်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အလှူရှင် 119 မိသားစုများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်