ဘိုကလေးမြို့နယ်တွင် သဘာဝသစ်စိမ်းမြေဩဇာပေါများစွာ အသုံးပြုနိုင်ရေး ကားလမ်း ဘေးဝဲ၊ယာများ၌ ပိုက်ဆံလျှော်ပင်စိုက်ပျိုးရန် လမ်းညွှန်ထားရှိ

ဘိုကလေး စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်သည် စိုက်ပျိုးရေးကဏ္ဍအား အဓိကစီပွားရေးကဏ္ဍအဖြစ် လုပ်ကိုင်ဆောင်ရွက်နေသည့် ဒေသတစ်ခုဖြစ်ရာ စိုက်ပျိုး ထုတ်လုပ်ချိန်များ၌ ဓာတုမြေဩဇာအစား သဘာဝမြေဩဇာ အစားထိုးထည့်သွင်း စိုက်ပျိုးနိုင်ရေးအတွက် ဘိုကလေးမြို့နယ်အတွင်းရှိ ကားလမ်းဘေး ဝဲ၊ ယာများတွင် ပိုက်ဆံလျှော်ပင်စိုက်ပျိုးရန် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များအား မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီအနေဖြင့် လမ်းညွှန်ထားရှိကြောင်း သိရသည်။

စိုက်ပျိုးထုတ်လုပ်ချိန်တွင် ဓာတုဗေဒမြေဩဇာအစား သဘာဝမြေဩဇာတစ်မျိုးဖြစ်သော ပိုက်ဆံလျှော်ပင် ထည့်သွင်းစိုက်ပျိုးခြင်းသည် ဓာတုဗေဒမြေဩဇာများကြောင့် မြေဆီ လွှာ ပျက်စီးမှုဒဏ်အား ကာကွယ်နိုင်ခြင်း၊ မြေဩဇာစရိတ် အကုန်အကျသက်သာခြင်း၊ မြေဆီလွှာအပူချိန်ကို ထိန်းညှိနိုင်ခြင်းစသော အကျိုးကျေးဇူးများ အပါအဝင် စိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍအတွက် အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်ပေသည်။

ထို့ကြောင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီအနေဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များအား မြို့နယ်တွင်းရှိ ကားလမ်းဘေး၊ ဝဲယာများမှ မြက်ပင်များအား ရှင်းလင်း၍ ပိုက်ဆံလျှော်ပင် စိုက်ပျိုးနိုင်ရေး၊ ပိုက်ဆံလျှော်မျိုးစေ့များ ကြဲပက်စိုက်ပျိုးနိုင်ရေး မျိုးစေ့ထုတ်ပေးနိုင်ရန် စိုက်ပျိုးမည့် မြေအတိုင်းအတာများ၊ ရေမဝပ်သည့် မြေကွက်လပ်များနှင့် တာဘောင်များ၏ အတိုင်းအတာ ပေအရှည်များအား တွက်ချက်ထားရှိရန် လမ်းညွှန်ထားရှိကြောင်း  သိရသည်။

မိုးစက်(ဘိုကလေး)