မိုးညိုမြို့နယ်၌ မြစိမ်းရောင်ဖွံ့ဖြိုးရေး (ငါးကဏ္ဍ)စီမံကိန်းကျေးရွာ၏ချေးငွေ ပြန်လည်ထုတ်ချေးပေးခြင်း အခမ်းအနားပြုလုပ်

မိုးညို စက်တင်ဘာ ၇      

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ မြေဇာအုပ်စု၊ မြေဇာကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက မြစိမ်းရောင်(ငါးကဏ္ဍ) စီမံကိန်းကျေးရွာ၏(တတိယ)သက်တမ်း (ပထမ)အကြိမ်‌ ချေးငွေပြန်လည်ထုတ်ချေးပေးခြင်း အခမ်းအနား ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဒေါ်မျိုးမျိုးသော်က မြစိမ်းရောင်ချေးငွေထုတ်ချေးပေးရခြင်းအကြောင်းနှင့် လိုက်နာဆောင်ရွက်ရမည့်စည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်မြစိမ်းရောင်ကြီးကြပ်မှုကော်မတီ၏ကြီးကြပ်မှုဖြင့် ကျေးရွာမြစိမ်းရောင်ကော်မတီဝင်များက မြေဇာကျေးရွာနေပြည်သူများ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် စိုက်ပျိုးရေးလုပ်ကိုင်သူ ၁၄၀ ဦးနှင့် မွေးမြူရေးလုပ်ကိုင်သူ ၅၄ ဦး၊ စုစုပေါင်းလူဦးရေ ၁၉၄ ဦးအတွက် ချေးငွေ ( ၅၅,၇၈၀,၀၀၀/- ) ကျပ်အား ထုတ်ချေးပေးခဲ့သည်။

အဆိုပါ စီမံကိန်းဆောင်ရွက်ခြင်းသည် အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကိုလျော့ချရန်၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံစေရန်နှင့် အဟာရပြည့်ဝစေရန်၊ လည်ပတ်ရန်ပုံငွေစနစ်တွင် အဖွဲ့မှသဘောတူသောအတိုးငွေထည့်ဝင်၍ တိုးပွားလာသောငွေဖြင့် ကျေးရွာ၏လိုအပ်ချက်နှင့်ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာမှကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည်တိုးတက်လာစေရန်နှင့် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များကျရောက်လာပါက တုံ့ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများပေါ်ပေါက်လာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ကိုမင်း(ပြန်/ဆက်)