မြောင်းမြမြို့၌ စာဖတ်ရှိန်မြှင့်မားလာရေးအတွက် Mobile Library Bus ဖြင့် ဌာနဆိုင်ရာများနှင့် ကျောင်းများအရောက် စာအုပ်စာစောင်များသွားရောက်ငှားရမ်းပေး

မြောင်းမြ စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများနှင့် ပြည်သူများ စာပေနှင့်စဉ်ဆက်မပြတ်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမိုမြှင့်မား လာစေးရေးအတွက် (Mobile Library Bus) ဖြင့် ယမန်‌နေ့ နံနက်ပိုင်းက ခရိုင်မီးသတ်ဦးစီးဌာန၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းနှင့် သူနာပြုသင်တန်းကျောင်းများသို့ သုတ/ရသ စာအုပ်၊ စာစောင်မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာ ဗဟုသုတများစွာရရှိမည့် သုတ/ရသ စာအုပ်စာစောင်များစုံလင်စွာ ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေး ခဲ့သော စာအုပ်များကို ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ်လဲလှယ်စနစ်ဖြင့် ငှား‌ရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာ(မြောင်းမြ)