ပေါင် စက်တင်ဘာ ၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၉)နာရီက Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ဟောပြောပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး အမှတ်(၉)လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စု၊ မော်လမြိုင်မှရဲအုပ်စိုးကျော်က လူကုန်ကူးမှုလျော့နည်းပပျောက်စေရေး၊ မြန်မာနိုင်ငံမှာကြုံတွေ့ရသည့် လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးမှုဥပဒများစသည့် သိကောင်းစရာများကို ဟောပြောခဲ့သည်။
ဆက်လက်၍ လူကုန်ကူးမှုနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးပုံပြင်၊ ကဗျာနှင့်စိတ်ဝင်စားဖွယ်ရာ စာအုပ်စာပေများနှင့် နံရံကပ်စာစောင်များကိုခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)