ကျောက်ဆည်မြို့နယ်၌ သိပ္ပံနည်းကျစိုက်နည်းစနစ်ဖြင့် စိုက်ပျိုးထားသော ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် သိပ္ပံနည်းကျစိုက်နည်းစနစ်ဖြင့် စိုက်ပျိုးထားသော မိုးချည်မျှင်ရှည်ဝါသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မိုးကြိုချည်မျှင်ရှည်ဝါသီးနှံများကို မေလလယ်နှင့်ဇွန်လကုန်အတွင်း စိုက်ပျိုးကြပြီး မြေပြုချိန်တွင် နွားချေးလှည် (၁၀) စီးနှင့် ကွန်ပေါင်းမြေဩဇာ (၁) အိတ်ကို မြေခံအဖြစ် ထည့်သွင်းပြုပြင်ပြီး ဒေသနှင့်ကိုက်ညီသည့် ငွေချည် (၆)၊ ငွေချည် (၉)၊ ရွှေတောင် (၈) ချည်မျှည်ရှည်ဝါများ စိုက်ပျိုးကြကြောင်းနှင့် စိုက်ပျိုးရာ၌ တစ်ဧကသတ်မှတ်အပင်ဦးရေပြည့်မီစေရန် စိုက်တန်း၊ စိုက်ကျင်းများကို ဝါအမျိုးအစားအလိုက် (၃) ပေ ပတ်လည်နှင့် (၂) ပေခွဲ ပတ်လည် စိုက်ပျိုးကြကြောင်း၊ ရွက်သစ် (၃-၄) ရက်ထွက်ချိန်၊ စိုက်ပျိုးပြီး (၁၈) ရက်မှ (၂၁) ရက်အတွင်း စိုက်ကျင်း (၁) ကျင်းလျင် (၂) ပင်ချန်၍ သားခွဲခြင်းများ ပြုလုပ်ကြကြောင်း၊ အပိတ်ဝင်ချိန်နှင့် အပွင့်ပွင့်ချိန်တွင် အပင်ခြေမှ (၆) လက်မအကွာတွင် ကွန်ပေါင်းအိတ်ဝက်နှင့် ယူရီယားအိတ်ဝက် ထည့်သွင်းကြောင်း၊ အပိန့်စတင်ကာနီးအချိန်၊ ပန်းစပွင့်ချိန်၊ ပန်းပွင့်ဖြိုင်ချိန်နှင့် ဝါသီးကြီးထွားချိန်တွင် အစိုဓာတ်လုံလောက်စွာမရရှိပါက ရေသွင်းခြင်းများ ပြုလုပ်ကာ ကြားထွန်တိုက်ပြီး ပေါင်းမြက်ရှင်းလင်းခြင်းနှင့် ရေဝပ်၊ ရေစိမ့်ခြင်းများမဖြစ်စေရန် ရေသွင်း၊ ရေထုတ်မြောင်းများ စနစ်တကျ ပြုလုပ်ထားပြီး ရေပိုရေလျှံများ ထုတ်ပယ်ရကြောင်း၊ အပင်သက်တမ်း (၅၀) ရက်တွင် စုပ်ပိုးကာကွယ်ဆေး (၂) ကြိမ်နှင့် (၆၀) ရက်သားနောက်ပိုင်းတွင် ဝါဂွမ်းပိုးနီနှင့်ရွက်လိပ်စားပိုးအတွက် ဆေး (၂) ကြိမ်းဖျန်းခြင်းနှင့် လိုအပ်ပါက အခြားပိုးများအတွက် ဖျန်းဆွေးများနှင့် ကာကွယ်စိုက်ပျိုးကြောင်း သိရသည်။

မိုးချည်မျှင်ရှည်ဝါသီးနှံများကို သံရွာ၊ ပေါင်လောင်၊ တောင်တော်၊ ကင်း၊ ဖျောက်ဆိပ်ပင်၊ ရွာသစ်၊ ရေသရောက်၊ ချောင်းဆုံ၊ သရက်ပင်၊ ရဲ၊ ကြောင်၊ ကြက်သားဟင်း၊ သင်္ဂတုံ၊ ကလေး၊ မှိုင်းပန်၊ ရဲဘော်ကြီး၊ ရှမ်းတောင်ဦး၊ ကုလားကျောင်း၊ အရှေ့သာဂရ၊ ပြည်တော်သာကျေးရွာအုပ်စုများတွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)