ကွန်ပျူတာတက္ကသိုလ်(ပြည်)၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး ဟောပြောပွဲကျင်းပ

ပြည် စက်တင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ကွန်ပျူတာတက္ကသိုလ်(ပြည်)၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပရာ ယင်းတက္ကသိုလ်မှ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၂၄၀ ဦးခန့် တက်ရောက်သည်။

ဟောပြောပွဲတွင် ပြည်မြို့ အမှတ်(၁၃)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူး ဆန်းဌေးက "ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်နှင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားရသည့်အကြောင်းရင်းများ၊ မော်တော်ဆိုင်ကယ်စီးနင်းသူများ လိုက်နာရမည့် စည်းကမ်းများနှင့် ယာဉ်မောင်းသူများ သတိပြုရမည့် ဆောင်ရန်/ရှောင်ရန်အချက်များအကြောင်းအပါအဝင် ယာဉ်မတော်တဆဖြစ်ပွားမှုဖြစ်စဉ်များနှင့် ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် သေဆုံးခဲ့မှုဖြစ်စဉ်များအကြောင်း၊ ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေး Quick Win အစီအမံ(၅)ရပ်အကြောင်း၊ လမ်းညွှန်အမှတ်အသား/သင်္ကေတများ၏ အဓိပ္ပါယ်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို ဓာတ်ပုံမှတ်တမ်းများ၊ ပါဝါပွိုင့်များဖြင့် အသေးစိတ်အသိပညာပေးဆွေးဟောပြောသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသူများအား ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးကြကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)