သံတောင်ကြီး စက်တင်ဘာ ၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်/ နှစ်တိုပင်သီးနှံများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ဖာလာစိုပ်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ သံတောင်ကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် အများအားဖြင့် ဖာလာစိုက်ပျိုးရေးလုပ်ငန်းကို စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် အဓိကလုပ်ကိုင်ကြပြီး ယခုလပထမပတ်တွင် ဒေသခံပြည်သူများသည် ဖာလာဆွတ်ခူးခြင်းလုပ်ငန်းကို စတင်လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ချဉ်ပေါင်ဖာလာပင်များကို ဇွန်လတွင် စိုက်ပျိုးပြီး (၃) နှစ်ခန့်တွင် အသီးများ စတင်သီးကာ စက်တင်ဘာလပထမပတ်မှစ၍ အောက်တိုဘာလအထိ ဆွတ်ခူးကြသည်။ ချဉ်ပေါင်ဖာလာသီးခြောက်များကို တောင်ငူမြို့ရှိ ဖာလာအဝယ်ဒိုင်များတွင် သွားရောက်ရောင်းချကြပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြသည်။ ယခုနှစ် ချဉ်ပေါင်ဖာလာ စတင်ဆွတ်ခူးသည့် စက်တင်ဘာလပထမပတ်တွင် ချဉ်ပေါင်ဖာလာအခွံခြောက်ပေါက်ဈေး (၁) ပိဿာလျှင်ကျပ် (၁၈၀၀၀) ရရှိသည်။ ယခုနှစ်တွင် ချဉ်ပေါင်ဖာလာသီးအထွက်နှုန်းလျော့နည်းမှု၊ လုပ်အားခ၊ သယ်ယူစရိတ်နှင့် ကုန်ဈေးနှုန်းကြီးမြှင့်မှုများကြောင့် ချဉ်ပေါင်ဖာလာစိုက်ပျိုးလုပ်ကိုင်သူများအနေဖြင့် ဈေးကောင်းများရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။
နော်နော်မူ