အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် မတ်ကျန်းပြည်သူ့စစ်ဌာနေအဖွဲ့၏ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

နမ့်စန် () စက်တင်ဘာ ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီလူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ် (၅) ကျေးရွာအုပ်စု၊ ကျီးအစ်ကျေးရွာအနီး၊ နမ့်စန်-ပန်လင်းဆိုင်သွားကားလမ်းမဘေးရှိ မြေကွက်လပ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက သစ်ပင်စိုက်ပျိုးပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက ပျိုးပင်များပေးအပ်ခဲ့ရာ မတ်ကျန်းပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်ဦးလင်းဆိုင်မှလက်ခံရယူခဲ့သည်။

ဆက်လက်၍ အရှေ့ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်၊ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးကြီးလင်းကို၊ အမှတ်(၇၃)သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်ညီညီဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းတို့က ပျိုးပင်များ ပေးအပ်ခဲ့ရာ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ဆရာမများနှင့်ကျောင်းသားကျောင်းသူများက အသီသီးလက်ခံရယူခဲ့ကြသည်။

ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက ဦးဆောင်၍ နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးကြီးလင်းကိုနှင့် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ လွိုင်လင်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်မျိုးနှင့် သစ်တောဦးစီးဌာနဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား / ကျောင်းသူများ၊လူမှုရေးအသင်းအဖွဲ့များ၊ ဌာနေပြည်သူ့စစ်အဖွဲ့များ နှင့် ကျေးရွာနေပြည်သူများ ကမန်ဂျန်ရှား (၁၄၈၅) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

နမ့်စန်(ပြန်/ဆက်)