ကန့်ဘလူမြို့နယ်၌ ကျဆုံး/ဒဏ်ရာရပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

ကန့်ဘလူ စက်တင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ကန့်ဘလူမြို့နယ်အတွင်း ညောင်ဇင်ကျေးရွာ၊ သင်ပေါင်းကျင်းကျေးရွာ၊ ချပ်ကြီးကျေးရွာနှင့် ယောကျေးရွာတို့တွင် အကြမ်းဖက်အဖွဲ့များကြောင့် ကျဆုံး/ဒဏ်ရာရ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကန့်ဘလူခရိုင် စုပေါင်းရုံး ရွှေဆည်မြိုင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးက ကန့်ဘလူမြို့နယ်အတွင်း ကျဆုံး/ဒဏ်ရာရ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့်ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ နယ်မြေခံဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးမြတ်သူက အားပေးစကားပြောကြားပြီး ကန့်ဘလူမြို့နယ် မြေထူးကျေးရွာအုပ်စု မှော်တော်ကျေးရွာ သာသနာ့အလင်းရောင် ကျောင်းတိုက်(၅၅၀ ဆရာတော်) ဦးဝါသဝက ဩဝါဒစကားမိန့်ကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့်တာဝန်ရှိသူများက ကျဆုံး/ဒဏ်ရာရ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ရာ သက်ဆိုင်ရာကျေးရွားများမှ မိသားစုဝင်များ၊ ဘေးသင့်ပြည်သူများက လက်ခံရယူကြသည်။

ထိုသို့ထောက်ပံပေးအပ်ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျဆုံးပြည်သူ့စစ် တစ်ဦးလျှင် ကျပ် ၁၀ သိန်းနှုန်းဖြင့် ၂ ဦးအတွက် ကျပ်သိန်း ၂၀၊ သေဆုံးပြည်သူတစ်ဦးလျှင် ကျပ် ၁၀ သိန်းနှုန်းဖြင့် ၁၃ ဦးအတွက် သိန်း ၁၃၀၊ ဒဏ်ရာရပြည်သူ့စစ်/ပြည်သူတစ်ဦးလျှင် ကျပ် ၅ သိန်းနှုန်းဖြင့် ၁၀ ဦးအတွက် ကျပ်သိန်း ၅၀၊ မီးဘေးသင့် သာသနိကအဆောက်အဦး တစ်လုံးလျှင် ကျပ် ၁၀ သိန်းနှုန်း ဖြင့် ၃ လုံးအတွက် သိန်း ၃၀၊ မီးဘေးသင့်နေအိမ်တစ်လုံးလျှင် ကျပ် ၅ သိန်းနှုန်းဖြင့် ၇၅ လုံးအတွက်လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကျဆုံးပြည်သူ့စစ်တစ်ဦးလျှင် ကျပ် ၃ သိန်းနှုန်းဖြင့် ၂ ဦးအတွက် ၆ သိန်း၊ သေဆုံးပြည်သူတစ်ဦးလျှင် ၃ သိန်းနှုန်းဖြင့် ၁၃ ဦးအတွက် ၃၉ သိန်း၊ ဒဏ်ရာရပြည်သူ့စစ်/ပြည်သူတစ်ဦးလျှင် ကျပ် ငါးသောင်းနှုန်းဖြင့် ၁၀ ဦးအတွက် ၅ သိန်း၊ မီးဘေး သင့်သာသနိကအဆောက်အဦးတစ်လုံးလျှင် ကျပ် ၂ သိန်းနှုန်းဖြင့် ၃ လုံးအတွက် ၆ သိန်း၊ မီးဘေးသင့်နေ အိမ်တစ်လုံးလျှင် ၂ သိန်းနှုန်းဖြင့် ၇၉ လုံးအတွက် ၁၅၈ သိန်းနှင့်ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုးပါပုံး ၇၉ ပုံး၊ ဘေးသင့်ပြည်သူတစ်ဦးလျှင် ဆန်ရိက္ခာဖိုး ၂၁၀၀ ကျပ်နှုန်းဖြင့် ၃၁၅ ဦးအတွက် လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)