ပန်းတောင်း စက်တင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ အချိန်က အ.မ.က(လွန်)နတ်မောက်ကျောင်းနှင့် အ.မ.က(လွန်)ဖောင်းကန်ကျောင်းသို့ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက ဗလငါးတန်နှင့်ပြည့်စုံသော လူတော်၊ လူကောင်းများ ပေါ်ထွန်းလာစေရန် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေမည့် စာအုပ်စာပေများကို လေ့လာဖတ်ရှုမှတ်သားကြရန်၊ အင်တာနက်အသုံးပြုမှု လျော့ကျစေရန်၊ ကျန်းမာကြံခိုင်စေရန် ကာယလေ့ကျင့်ခန်းမများပုံမှန်ပြုလုပ်ကြရန် အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေများနှင့်အခွင့်အရေးများအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ရုပ်ပြပုံပြင်များပြောခြင်း၊ ကိုယ်ကာယ လှုပ်ရှားမှု Activity လုပ်ငန်းစဥ်များလိုက်ပါဆောင်ရွက်စေခြင်းများ၊ နယ်လှည့်စာကြည့်တိုက်မှ စာအုပ်စာစောင်များ ဖတ်ရှုစေခြင်းများပြုလုပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)