သရက်မြို့၌ နွားနှင့်ဆိတ် မေထုန်မဲ့သားစပ်သင်တန်း (၃/၂၀၂၄/မက) ဖွင့်ပွဲ အခမ်းအနားကျင်းပ

သရက် စက်တင်ဘာ ၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်) မှ ကြီးမှူးဖွင့်လှစ်သည့် နွားနှင့်ဆိတ် မေထုန်မဲ့သားစပ်သင်တန်း (၃/၂၀၂၄/မက) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က သရက်မြို့နယ် တေဇခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ်ခြောက်မြို့မှ သင်တန်းသားများ တက်ရောက်သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက မွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်ပြီး အသိပညာရှင်၊ အတတ်ပညာရှင်နှင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး၊ ဒေသနှင့်ကိုက်ညီပြီး ကြီးထွားနှုန်းကောင်းမွန်သော မျိုးကောင်း မျိုးသန့်များ မွေးမြူထုတ်လုပ်နိုင်စေရန် ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် စိတ်ပါဝင်စားစွာ လေ့လာသင်ယူရန်လိုအပ်ကြောင်း ပြောကြားပြီး မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခေတ္တတိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာအောင်မင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ မင်းညွန့်ဦးတို့က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းပို့ချမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သရက်ခရိုင်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနကဖွင့်လှစ်သည့် နွားနှင့်ဆိတ် မေထုန်မဲ့သားစပ်သင်တန်း (၃/၂၀၂၄/မက) တွင် ခရိုင်အတွင်းမှ မွေးမြူရေးနှင့်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဝန်ထမ်းများနှင့် ဒေသခံအခြခံတိရစ္ဆာန် ကျန်းမာရေးလုပ်သား သင်တန်းသားများဖြင့် သရက်မြို့နယ်မှ (၂၀) ဦး၊ မင်းတုန်းမြို့နယ်မှ (၁၅) ဦး၊ ကံမမြို့နယ်မှ (၂၁) ဦးနှင့် မင်းလှမြို့နယ်မှ (၁၆) ဦး၊ အောင်လံမြို့နယ်မှ (၁၅) ဦးနှင့် ဆင်ပေါင်ဝဲမြို့နယ်မှ (၁၅) ဦး စုစုပေါင်း သင်တန်းသား (၁၀၂) ဦး တက်ရောက်ခဲ့ကြောင်း၊ အဆိုပါ သင်တန်းတွင် မေထုန်မဲ့သားစပ်လုပ်ငန်းသမိုင်း၊ အမမျိုးပွား အင်္ဂါခန္ဓာဗေဒနှင့် ဇီဝကမ္မ၊ နွားမျိုးနှင့် ဆိတ်မျိုးများအကြောင်း၊ မြိုင်သံသရာနှင့် မြိုင်စစ်ဆေးခြင်း၊ မျိုးပွားမှုဆိုင်ရာရောဂါများ၊ အမမျိုးပွား အင်္ဂါစမ်းသပ်ခြင်း၊ တိရစ္ဆာန်ကိုင်တွယ်ထိန်းချုပ်ခြင်း၊ သန္ဓေအောင်မြင်မှုကို အကျိုးသက်ရောက်စေသော အချက်များ၊ ဇီးစမ်းသပ်ခြင်း၊ မေထုန်မဲ့သားစပ်ခြင်း (လက်တွေ့)၊ မျိုးနွားမွေးမြူစောင့်ရှောက်ခြင်း၊ မျိုးပွားမှု ဆိုင်ရာအဟာဗေဒ၊ မေထုန်မဲ့သားစပ်ကိရိယာ ပြင်ဆင်ခြင်းနှင့် မျိုးရည်ခဲချောင်းအား သိုလှောင်ထိန်းသိမ်းခြင်း၊ နွားမျိုးများကို မျိုးမြှင့်တင်စမ်းသပ်ခြင်း၊ မေထုန်မဲ့သားစပ်ခြင်းဆိုင်ရာနည်းလမ်းများနှင့် ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ နွားများ၊ ဆိတ်များနှင့်ပတ်သက်သော ဘာသာရပ်များကို စက်တင်ဘာ (၃) ရက်နေ့မှ(၇) ရက်နေ့အထိ ငါးရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)