မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၉/၂၀၂၄)သို့ တက်ရောက်

မကွေး စက်တင်ဘာ ၃

မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍတိုးတက်စေရန်နှင့် လျာထားချက်ပြည့်မီကျော်လွန်စေရေးအတွက် (အဓိကသီးနှံ- ၁၀မျိုး)ကို မျှော်မှန်းချက်ပြည့်မီအောင် အထူးအလေးထားဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၉/၂၀၂၄)ကို ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးဟာ စိုက်ပျိုးရေးကိုအခြေခံတဲ့ တိုင်းဒေသကြီး ဖြစ်တာနဲ့အညီ လယ်ယာကဏ္ဍသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး အထူးဦးစားပေးဆောင်ရွက်လျက်ရှိပြီး၊ တိုင်းဒေသကြီး အစီအစဉ်ဖြင့် မိုးစပါးစိုက်ပျိုးပြီးပါက ဆီထွက်သီးနှံဖြစ်သည့်နေကြာကို သီးထပ်အဖြစ် စိုက်ပျိုးသွားမည့်ဖြစ်ကြောင်း၊ စိုက်ပျိုးပြီးပါကလည်း စိုက်ပျိုးမြေများကို အကျိုးရှိရှိ အသုံးချနိုင်ရေးအတွက် ကျန်ရှိသည့်အချိန်ကာလနှင့် ရေရရှိနိုင်မှုကိုတွက်ဆပြီး နွေစပါးသီးနှံအား ထပ်မံစိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း၊ အလားတူ ဝါသီးနှံအား မိုးကြိုမိုးလယ်၊ မိုးနှောင်းရာသီများတွင် ဒေသနှင့်သင့်လျော်ကိုက်ညီသည့် ဝါမျိုးကောင်း မျိုးသန့်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း မိမိကြီးကြပ်မှုအောက်ရှိ သက်ဆိုင်ရာ ဌာနအဆင့်ဆင့်သို့ ချပြရှင်းလင်းထားရှိပြီး လုပ်ငန်းများအောင်မြင်စေရေး အောက်ခြေအဆင့်ဝန်ထမ်းများဖြင့် အနီးကပ်ကြီးကြပ်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားရေးအတွက် တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ စုစုပေါင်းလျာထားဧက (၂၄)သိန်းကျော် အနက် မြေပဲ၊ နှမ်း၊ နေကြာစိုက်ဧက (၁၃)သိန်းကျော်ကို အထူးဇုန် (၂)ဇုန်အဖြစ် သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဝါသီးနှံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဝါသီးနှံ လျာထားဧက နှစ်သိန်းခြောက်သောင်းကျော်ကို ဇုန်(၄)ဇုန်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေနဲ့ မိုးစပါး၊ မိုးမြေပဲသီးနှံများမှာ သွင်းအားစုများ ရရှိအသုံးပြုနိုင်ရေးစီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုအချိန်မှာ မိုးသီးနှံများ၏(၈၆)ရာခိုင်နှုန်းကျော် စိုက်ပျိုးပြီးဖြစ်ရာ၊ မိုးဦးစိုက်သီးနှံများမှာ ရိတ်သိမ်းနေပြီဖြစ်ပါကြောင်း၊ အဲဒီလို ဆောင်ရွက်နေမှုအပေါ် တောင်သူများရဲ့ သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လယ်ယာကဏ္ဍကို တာဝန်ယူဆောင်ရွက်နေတဲ့ ဌာနများအနေနဲ့ တောင်သူများရဲ့ လိုအပ်ချက်များကို အချိန်မီပူးပေါင်းကူညီ ဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ကြဖို့ မှာကြားလိုကြောင်း၊ မိမိတို့ တိုင်းဒေသကြီး၏ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး သက်ဆိုင်ရာဌာနများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် အကောင်အထည်ဖော်ရေးအဖွဲ့များ အနေဖြင့် အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြဖို့ မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းက မကွေးတိုင်းဒေသကြီးအတွင်း သီးနှံစုံ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ဖို့ ဒေသတွင်းရှိ ရေမြေသဘာဝအခြေခံများနဲ့ အခွင့်အလမ်းများ၊ အခြေအနေကောင်းများကို အသုံးပြုပြီး ဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တိုင်းဒေသကြီးရဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဟိန်းသူက တိုင်းဒေသကြီး ဆီထွက်သီးနှံ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၈/၂၀၂၄) ဆုံးဖြတ်ချက်များအား ဖတ်ကြားရှင်းလင်းတင်ပြကာ၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးနှင့် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူးတို့က မိမိတို့လုပ်ငန်း ကဏ္ဍအလိုက် ရှင်လင်းတင်ပြ ဆွေးနွေးမှုများနှင့် တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေး တင်ပြဆောင်ရွက်ခဲ့မှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင့်လွင်သည် စီးပွာရေးရာဝန်ကြီး ဦးအောင်ချိန်၊ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် အတူ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ စက်တင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့ရှိ Mahura Energy (Magway) Mining Co., Ltd. ၏ နှမ်းလှော်မှုန့်ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချခြင်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါလုပ်ငန်းသို့ရောက်ရှိစဉ် ကုမ္ပဏီ၏မန်းနေဂျင်းဒါရိုက်တာ ဦးဖိုးနီက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး၊ ဈေးကွက်ချဲ့ထွင်နိုင်ရေးကိစ္စတို့နှင့်စပ်လျဉ်း၍ လမ်းညွှန်မှာကြားခဲ့ပြီး၊ လိုအပ်သည်များ ဆွေးနွေးပေါင်းစပ် ညှိနှိုင်းပေးကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုအားပေးသည်။      

မကွေးတိုင်းဒေသကြီးအနေဖြင့် ဆီထွက်သီးနှံကို အများဆုံးစိုက်ပျိုးထွက်ရှိတဲ့ ဒေသဖြစ်ပြီး၊ ဆီထွက်သီးနှံများဖြစ်တဲ့ နှမ်း၊ မြေပဲ၊ နေကြာ အစရှိတာတွေကို နှစ်စဉ်စိုက်ပျိုးကာ၊ ထွက်ရှိတဲ့ သီးနှံများအနက် နှမ်းဟာနိုင်ငံတကာဈေးကွက်ကိုထိုးဖောက်နေရာယူထားတဲ့ ပို့ကုန်တစ်ခုဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများကိုတင်ပို့ရာမှာ နှမ်းကိုကုန်ကြမ်းအတိုင်း တင်ပို့ရောင်းချခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်ပြုလုပ်ပြီး တင်ပို့ခြင်းဟာ ပြည်ပဝင်ငွေပိုမိုရရှိမှာဖြစ်တဲ့အတွက် မကွေးမြို့ကနေ မြန်မာနှမ်းလှော်မှုန့်အဖြစ် ထုတ်လုပ်ပြီး ကိုရီးယားနိုင်ငံကိုတင်ပို့ရောင်းချခဲ့တာဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံဖြစ်တဲ့နှမ်း၊ မြေပဲများကိုနှစ်စဉ်စိုက်ပျိုးလျက်ရှိရာပြည်ပပို့ကုန် ကဏ္ဍတိုးမြှင့်ရေးအတွက် တစ်နှစ်ထက်တစ်နှစ်ရာသီအလိုက်တိုးချဲ့ စိုက်ပျိုးလျက်ရှိပြီး၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှတော့ ဆီထွက်သီးနှံကို(၂၃၃၈၈၇၈)ဧကစိုက်ပျိုးခဲ့တာဖြစ်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ(၂၃၄၇၈၈ဝ)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ မကွေးတိုင်းဒေသကြီးမှ ထွက်ရှိတဲ့ နှမ်းကိုတန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်တဲ့နှမ်းလှော်မှုန့်အဖြစ် ထုတ်လုပ်ပြီး တောင်ကိုရီးယားနိုင်ငံကို တင်ပို့လျက်ရှိရာ ၂ဝ၂၄ ခုနှစ် ဇူလိုင်လမှာ နှမ်းဖြူလှော်မှုန့် (၂၇၅)တန်၊ နှမ်းညိုလှော်မှုန့်တန် (၅၀)၊ နှမ်းနက်လှော်မှုန့်တန် (၃၀)အထိ တင်ပို့နိုင်ခဲ့တာဖြစ်ကြောင်း ကုမ္ပဏီမန်းနေဂျင်းဒါရိုက်တာ ဦးဖိုးနီ ထံမှသိရှိရသည် ။              

 မောင်ညီညာ