၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း(ပေါက်ခေါင်း) Grade-12 မှ နှစ်ထပ်ကွမ်းလူရည်ချွန် မကြည်ဖြူခင်၏ လူရည်ချွန်အတွေ့အကြုံအား တွေ့ဆုံမေးမြန်းခြင်း

ပေါက်ခေါင်း စက်တင်ဘာ ၂

မေး။ ပထမဦးဆုံး သမီးရဲ့နာမည်၊ နေရပ်လိပ်စာ၊ လူရည်ချွန်အဖြစ်မွေးထုတ်ပေးခဲ့တဲ့ စာသင်ကျောင်းနဲ့ လူရည်ချွန်ဖြစ်ခဲ့တဲ့ခုနှစ်တွေကိုတွေကို ပြောပြပေးပါအုံး။

ဖြေ။ သမီးရဲ့နာမည်ကတော့ မကြည်ဖြူခင်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ အမှတ်(၃)ရပ်ကွက်မှာနေထိုင်ပါတယ်။ သမီးကိုယခုလိုနှစ်ထပ်ကွမ်းလူရည်ချွန်ဖြစ်အောင်မွေးထုတ်ပေးတဲ့ကျောင်းကတော့ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က(ပေါက်ခေါင်း)ဖြစ်ပါတယ်။ သမီးအနေနဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ Grade-10 လူရည်ချွန်အဖြစ်ရွေးချယ်ခံခဲ့ရပြီး တောင်ကြီးလူရည်ချွန်စခန်းကိုသွားခဲ့ရပါတယ်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ Grade-11 လူရည်ချွန်အဖြစ်ထပ်မံရွေးချယ်ခံရပြီး ငွေဆောင်လူရည်ချွန်စခန်းကို သွားရောက်လေ့လာခဲ့ရပါတယ်။

မေး။ နှစ်ထပ်ကွမ်းလူရည်ချွန်ရွေးချယ်ခံရသူ မကြည်ဖြူခင်ရဲ့ ရင်တွင်းခံစားချက်ကိုပြောပြပါဦး။

ဖြေ။ အရမ်းပျော်တာပေါ့၊ သတင်းစာထဲမှာ result ထွက်တဲ့နေ့က မနက်စောစော ဆရာ၊ ဆရာမတွေနဲ့ သူငယ်ချင်းတွေက လူရည်ချွန်ပါတယ်လို့ဖုန်းဆက်ပြောတဲ့အခါမှသိရပြီး အတိုင်းမသိဝမ်းသာပျော်ရွှင်မိပါတယ်။

မေး။ မကြည်ဖြူခင် အနေနဲ့နှစ်ထပ်ကွမ်းလူရည်ချွန်ဖြစ်ဖို့ ဘယ်လိုတွေကြိုးစားခဲ့ရသလဲဆိုတာကို ပြောပြပေးပါဦး။

ဖြေ။ လူရည်ချွန်တစ်ယောက်ဖြစ်ဖို့အတွက် ကျောင်းစာတစ်ခုတည်းထူးချွန်ရုံသာမက ဘက်စုံထူးချွန်ဖို့လိုအပ်ပါတယ်၊ ကျောင်းသင်ခန်းစာတွေဖြစ်တဲ့ မြန်မာစာ၊ အင်္ဂလိပ်စာနဲ့သင်္ချာဘာသာတွေကိုတော့ သင်ရိုးကိုကြေညက်အောင်လေ့လာတဲ့အပြင် ပြင်ပမေးခွန်းတွေကိုကိုယ်ပိုင်ဉာဏ်နဲ့ဖြေဆိုနိုင်အောင်လည်းလေ့ကျင့်ခဲ့ပါတယ်။ အထွေထွေဗဟုသုတအတွက်ကိုတော့ဗဟုသုတရရှိစေမယ့် စာအုပ်စာစောင်တွေကို ကျောင်းစာကြည့်တိုက်မှာငှားရမ်းဖတ်ရှုခဲ့ပါတယ်။ အားကစားလေ့ကျင့်ခန်းတွေကိုတော့ မနက်စောစောနဲ့ညနေပိုင်းများမှာနေ့စဉ်လေ့ကျင့်ခဲ့ပါတယ်။ အာဟာရမျှတအောင်လည်းအစားအစာကိုပုံမှန်စားပြီး ကျန်းမာရေးလည်းအထူးဂရုစိုက်ခဲ့ရပါတယ်။

မေး။ ထူးချွန်ထက်မြက်သူတစ်ယောက်ဖြစ်ဖို့ ဆရာ၊ မိဘတွေရဲ့သွန်သင်ဆုံးမမှု ခံယူခဲ့ပုံနဲ့ပက်သက်ပြီးပြေပြပေးပါဦး။

ဖြေ။ ထူးချွန်သူတစ်ယောက်ဖြစ်ဖို့ ကံ၊ ဉာဏ်၊ ဝီရိယသုံးခုပြည့်စုံမှဖြစ်တဲ့အတွက် ဘုရား၊ တရား၊ သံဃာရတနာမြတ်သုံးပါးကိုလည်းမမေ့သလို မိဘ၊ ဆရာသမားတွေရဲ့သွန်သင်ဆုံးမမှုကိုလည်း အမြဲနာယူမှတ်သားပါတယ်။

မေး။ ကျောင်းစာအပြင် ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေးအတွက်ဘယ်လိုတွေကြိုးစားလေ့ကျင့်ခဲ့ရတယ်ဆိုတာမျိုးဆက်သစ်မောင်ငယ်၊ညီမငယ်တွေသိအောင်ရှင်းပြပေးပါဦး။

ဖြေ။ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုတဲ့ဗလငါးတန်ပြည့်စုံဖို့ အားကစားကလည်းအလွန်အရေးကြီးပါတယ်။ ကိုယ်ကာယကြံ့ခိုင်မှုအတွက် အခြေခံပညာဦးစီးဌာနမှလမ်းညွှန်ထားသော လူရည်ချွန်ရွေးချယ်ခြင်းဆိုင်ရာခြေခံပညာဦးစီးဌာနမှ လမ်းညွှန်ထားသောလူရည်ချွန်ရွေးချယ်ခြင်းဆိုင်ရာ ကိုယ်ကာယကြံ့ခိုင်မှုဆိုင်ရာစစ်ဆေးခြင်း၊ ဗီဒီယိုဖိုင်အတိုင်းစနစ်တကျဖြစ်အောင်လေ့ကျင့်ခဲ့ပါတယ်။ နေ့စဉ်အားကစားကိုပုံမှန်လေ့ကျင့်ပြီးကျန်းမာရေးကိုအထူးဂရုစိုက်ခဲ့ပါတယ်။ အခုလိုအားကစားကို ပုံမှန်လေ့ကျင့်ဖြစ်တဲ့အတွက် ကျန်းမာရေးလည်းပိုမိုကောင်းမွန်လာခဲ့ပြီး ခန္ဓာကိုယ်လည်းပိုကြံ့ခိုင်လာပါတယ်။

မေး။ နောက်ဆုံးမေးခွန်းအနေနဲ့မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူလေးများအတွက် အကြံပြုစကားလေးနဲ့အဘက်ဘက်က ကူဖြည့်ဆည်းပေးခဲ့တဲ့သူတွေကိုလည်း ဘာတွေများပြောချင်ပါသလဲ။

ဖြေ။ မျိုးဆက်သစ်လူရည်ချွန်လေးတွေဖြစ်လာဖို့ မောင်လေး၊ ညီမလေးတွေကို နှစ်စကတည်းက ကျောင်းစာကိုပုံမှန်လေ့လာဖို့တိုက်တွန်းချင်ပါတယ်။ ကျောင်းစာအပြင်ဗဟုသုတရရှိစေမယ့် စာအုပ်စာပေတွေကိုအားလပ်တဲ့အချိန်တွေမှာဖတ်ရှုလေ့လာပြီး ကျန်းမာရေးလည်းဂရုစိုက်ဖို့မှာကြားချင်ပါတယ်၊ စဉ်ဆက်မပြတ်ကြိုးစားနေမယ်ဆိုရင် မောင်လေးညီမလေးတွေလည်း အောင်မြင်မှုရရှိလာမှာဖြစ်တဲ့အတွက် ပုံမှန်လေးကြိုးစားသွားဖို့ပြောကြားချင်ပါတယ်။

ကျွန်မကိုယခုလို နှစ်ထပ်ကွမ်းလူရည်ချွန်ဖြစ်အောင် အဘက်ဘက်မှဖြည့်ဆည်းပေးခဲ့သော အ.ထ.က(ပေါက်ခေါင်း)ကျောင်းအုပ်ဆရာကြီးဦးညွှန့်ဝင်းနှင့်တကွ ငယ်စဉ်ကတည်းက ယခုထိသင်ကြားပေးခဲ့သောဆရာ၊ ဆရာမများ၊ အဘက်ဘက်ကဝိုင်းဝန်းကူညီပေးခဲ့သောမိသားစုဝင်များ၊ ကာယအထွေထွေဗဟုသုတများလေ့ကျင့်သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများဝိုင်းဝန်းအားပေးခဲ့ကြသော သူငယ်ချင်းများကိုလည်း ယခုအင်တာဗျူးမှတစ်ဆင့် အထူးပင်ကျေးဇူးတင်ပါကြောင်း ပြောချင်ပါတယ်ရှင်။

သန်းထွန်းအောင်(ပြန်/ဆက်)