မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ကျင်းပ

မော်လမြိုင် စက်တင်ဘာ ၁

ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ဟုန်စံစီဘုံကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကျိုက်မ​ရောမြို့နယ် ဖနုံကျေးရွာ ကရင်ယဉ်ကျေးမှုအဖွဲ့မှ ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး မွန်ပြည်နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း နာယက၊ ဆရာတော်မှ ဩဝါဒဂါထာ မြွက်ကြား၍ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်သည် ကရင်လူမျိုးများ၏ မွန်မြတ်၍ တန်ဖိုးရှိသော ရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခု ဖြစ်ပြီး ကရင်လူမျိုးတို့နှင့်အတူ ဘိုးစဉ်ဘောင်ဆက် ပါရှိလာသည့် ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ ကရင်လူမျိုးတို့ရဲ့ ဘဝဓလေ့နှင့်ကိုက်ညီစစ်မှန်သည့် ကရင်ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရန်၊ ကရင်အမျိုးသားတို့၏ယဉ်ကျေးမှုကို မြတ်နိုးပြီး ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်လိုသော အသိစိတ်ဓါတ်များ ကိန်းအောင်းရှင်သန်စေရန်နှင့် ကရင်လူမျိုးအချင်းချင်း စည်းလုံးညီညွတ်မှုရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ ဝါခေါင်လချည်ဖြူဖွဲ့ခြင်း၌ ချည်ဖြူဖွဲ့ရာတွင်  ဆန်ကော၊ ယောက်မ၊ ထမင်းဆုပ်၊ ကောက်ညှင်းဖင်ချွန်၊ ငှက်ပျောသီး၊ နတ်ပန်းညို၊ ကြံပိုင်း၊ ရေနှင့် ချည်ဖြူ စသည့် အဓိကပစ္စည်း (၉)မျိုး ပါဝင်တာကို သိရှိရပါကြောင်း၊ ကရင်လူမျိုးတို့၏ရိုးရာယဉ်ကျေးမှုဖြစ်သော ချည်ဖြူဖွဲ့မင်္ဂလာကို အစဉ်အလာမပျက်ဆက်လက် ထိန်းသိမ်းကြစေလိုကြောင်း  အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က မွန်ပြည်နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းအတွက် အလှူငွေကျပ်သိန်း (၂၀၀)အား ပေးအပ်လှူဒါန်းခဲ့ရာ ကရင်စာပေနှင့်ယဥ်ကျေးမှုအသင်း တာဝန်ရှိသူကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြရာ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြပြီး ချည်ဖြူဖွဲ့မင်္ဂလာပွဲဖြစ်ပေါ်လာပုံကို ကရင်ဘာသာဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ချည်ဖြူဖွဲ့မင်္ဂလာပွဲတွင် ပါဝင်သော ပစ္စည်း(၇)မျိုး၏ အဓိပ္ပါယ်အား ကရင်ဘာသာဖြင့် ရှင်းလင်းပြောကြားပြီး ချည်ဖြူဖွဲ့မင်္ဂလာပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ စောအောင်ကျော်သိန်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများမှ ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ပါဝင်ဆင်နွှဲခဲ့ကြသည်။

ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော် (ကရင်ရိုးရာဝါခေါင်လလက်ချည်ပွဲ) တွင် ကွဲကွာနေသည့် မိသားစုဝင်များ၊ မောင်နှမများ၊ ဆွေမျိုးများပြန်လည် ဆုံတွေ့ကာ အချင်းချင်းချစ်ကြည်သွေးစည်းမှု ခိုင်မြဲရေးအတွက်နှင့် လူကြီးသူမများမှ လူငယ် လူရွယ်များအား ဆုံးမစကားပြောကြားနိုင်ရေးအတွက် အဓိကရည်ရွယ်ပြီး ကျင်းပပြုလုပ်ကြခြင်းဖြစ်ကြောင်းနှင့်  ချည်ဖြူဖွဲ့ခြင်းဆိုသည်မှာ လက်ကို ချည်ဖြူဖြင့် ဖွဲ့နှောင်ရစ်ပတ်ချည်နှောင်ကြခြင်းဖြစ်ကြောင်း  သိရသည်။

စည်သူပြန်/ဆက်)