မြောင်းမြ သြဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မြစန္ဒာရပ်ကွက်ရှိ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လဝကမှူး ဦးဝင်းစိန်က လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား Biometric ကောက်ယူခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ကျောင်းသား (၄၅) ဦး၊ ကျောင်းသူ (၄၉) ဦး၊ စုစုပေါင်း (၉၄) ဦးတို့အား ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)