ဧရာဝတီတိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံပေးအပ်ပွဲနှင့် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ

လပွတ္တာ  ဩဂုတ်လ  ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်မှ တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လပွတ္တာခရိုင် ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲနှင့် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီချိန်က အထွေထွေအုပ်ချုပ်ဦးစီးဌာန၊ ရွေးနဒီခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာလပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍လပွတ္တာခရိုင် ပြိုင်ပွဲဝင်များကိုယ်စား မော်လမြိုင်ကျွန်း မြို့နယ် သဘင်အစည်းအရုံးအဖွဲ့ ဥက္ကဋ္ဌ ဦးစွယ်စုံဝင်း၊ လပွတ္တာမြို့နယ်၊ အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်းကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဝင်း၊ လပွတ္တာမြို့နယ် သဘင် အစည်းအရုံးအဖွဲ့ဥက္ကဋ္ဌ  ဦးစိန်သန်းနိုင်တို့ထံသို့ အောင်နိုင်ရေးအလံနှင့်ထောက်ပံ့ကြေးများကို ခရိုင်အုပ်ချုပ်ရေးမှူးက ပေးအပ်ခဲ့သည်။ ထို့‌နောက် အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသူလေးများက ကဗျာလွတ် အကဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ၊ အုပ်ချုပ်သူ များနှင့် ပြိုင်ပွဲဝင်အဖွဲ့များ စုစုပေါင်း အင်အား(၁၀၄)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

မူမူ