ကျိုက်လတ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အသိပညာပေး ဗီနိုင်းပိုစတာများကပ်နှိပ်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ကျိုက်လတ် ဩဂုတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှထုတ်ဝေသည့် “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အသိပညာပေး ဗီနိုင်းပိုစတာများ ကပ်နှိပ်ခြင်းနှင့် လက်ကမ်းစာစောင်များကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင်အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းလက်ကမ်းစာစောင်တွင် သန်းခေါင်စာရင်းကောက်ယူသည့် ရည်ရွယ်ချက်၊ သန်းခေါင်စာရင်း ထည့်ကောက်ရမည့်သူများ၊ ထည့်မကောက်ရမည့်သူများ၊ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် မေးခွန်းများကိုမှန်ကန်စွာ ဖြေဆိုခြင်းဖြင့် ကူညီပါစသည့် အချက်အလက်များ၊ လူဦးရေစာရင်းများ မှန်ကန်မှ အနာဂတ်လူနေမှုဘဝ တိုးတက်မြင့်မားမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်အထိ သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်ကြောင်း၊ ပြည်သူများက စာရင်းကောက်မှ မေးမြန်းသောမေးခွန်းများကို မှန်ကန်ပြည့်စုံစွာဖြေဆိုကြရန်နှင့် စာရင်းကောက်များသည် မိမိတာဝန်ကျရာ စာရင်းကောက်ကွက်အတွင်း တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် Mobile Tablet များ အသုံးပြု၍ သန်းခေါင်စာရင်း ကောက်ယူသွားမည်နှင့် ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ ဆောင်ပုဒ်များပါဝင်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ လက်ကမ်းစာစောင်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမောင်းမာန်နှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများ၊ မြို့မဈေးကြီးအတွင်း ဈေးရောင်း၊ ဈေးဝယ်သူများနှင့် ခရီးသွား မိဘပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်