ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ဒေးဒရဲ သြဂုတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာအုပ်စုတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်သွားရန်၊ ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေး ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးမည့်လုပ်ငန်းများ၊ မြို့နယ်အတွင်း လိုင်စင်မဲ့ ထော်လာဂျီယာဉ်များ ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးမည့် လုပ်ငန်းများနှင့် ဒေသထွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးက နယ်မြေအေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများက မိုးစပါးစိုက်ပျိုးသည့် ဧကများ အောင်မြင်ဖြစ်ထွန်းရေး သက်ဆိုင်ရာအဖွဲ့များဖြင့် ပေါင်းစပ်ဆောင်ရွက်သွားမည့်လုပ်ငန်းများ၊ ဒေသခံတောင်သူများ ပန်းတိုင်အထွက်နှုန်းတိုးတက်စေရေး ကြဲခင်းစနစ်ပပျောက်ရေးလုပ်ငန်းများ၊ မျိုးစေ့ချကရိယာများ ထောက်ပံ့ပေးအပ်မည့်လုပ်ငန်းများ၊ မိုးစပါးစိုက်ပျိုးမည့် တောင်သူများကို မိုးစပါးစိုက်ပျိုးသည့် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးနေမှုများ၊ တစ်ဧက စပါး (၁၀)တင်းနှုန်း ပိုမိုတိုးထွက်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ သွင်းအားစုများ ထောက်ပံ့ပေးအပ်မည့်လုပ်ငန်းများ၊ ကျေးရွာဒေသများ မီးလင်းရေး၊ ကျေးရွာချင်းဆက်လမ်းများ ခင်းကျင်းဆောင်ရွက်ပေးမည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက်  ကျေးရွာအုပ်စု တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အခြေအနေတက်ရောက် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေဇာလင်း