ခန္တီး သြဂုတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မိုးရာသီအထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီအချိန်က မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းဟိန်းစိုးက အဖွင့်အမှာစကား ပြောကြားပြီး အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုခဲ့ကြသည်။
ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းဟိန်းစိုးက ပါဝင်ယှဉ်ပြိုင်ကစားကြမည့် အားကစားသမားများအား လိုက်လံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ပြီး စစ်ကြောင်းမှူးက ဦးဆောင်၍ အားကစားအသင်းများမှ ချီတက်အလေးပြုခြင်းများ ပြုလုပ်ကာ ကွင်းအတွင်းမှ ထွက်ခွာခဲ့ကြသည်။
ခမ်းအနားသို့ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြပြီး အဆိုပါ ဘောလုံးပြိုင်ပွဲကို ထူးချွန်ထက်မြက်သည့် လူငယ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ပြီး ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ အသင်း(၉)သင်း ပါဝင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကာ သြဂုတ်လ(၂၉)ရက်နေ့မှ စက်တင်ဘာလ(၁၃)ရက်နေ့အထိ အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဦးအောင်သူမြတ်ထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)