ရွှေဘို ဩဂုတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုတပ်နယ်ခန်းမတွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ခရိုင်အဆင့်)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲတွင် အမှတ်(၅) စစ်အုပ်ချုပ်ရေးနယ်မြေ စစ်နယ်မြေမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ၊ အဖွဲ့ဝင်ခရိုင် လဝကဦးစီးမှူး ဦးအောင်မြင့်၊ နိုင်ငံတော်ရွှေတံဆိပ်ဆုရှင်၊ ဇေယျာလူမှုထူးချွန်ဒုတိယအဆင့် (ဂီတပညာရှင်)ဦးအောင်ငွေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီးနောက် အဆိုတော်နန်းစိုးခိုင်မှ စည်တော်ကြီးသီချင်းသီဆိုကာ၊ အနုပညာရှင် မဝိုင်းအိကျော်နှင့် မပိုးသီရိဇော်တို့မှ ကပြဖျော်ဖြေကာ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် အမှတ်(၅) စစ်အုပ်ချုပ်ရေးနယ်မြေ စစ်နယ်မြေမှူးက အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတော်မှ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ၊ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမည့်တာဝန်မှာ နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်နှင့်အညီ အနာဂတ်မျိုးဆက်သစ်လူငယ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ၏ ရိုးရာယဉ်ကျေးမှုအပေါ် မြတ်နိုးတန်ဖိုးထားလိုစိတ်၊ အမျိုးကိုချစ်သည့်စိတ်လည်း အရေးကြီးပါကြောင်း၊ ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသည့် စကားနှင့်အညီ ယနေ့ခေတ် လူငယ်များသည် အနာဂတ်၏ ခေါင်းဆောင်ကောင်းများ ဖြစ်သည့်အတွက် ပညာရေးအဆင့်မြင့်မားမှုနှင့်အတူ အမျိုးသားရေး စရိုက်လက္ခဏာများ မကွယ်ပျောက်စေဘဲ ယဉ်ကျေးမှုအားကောင်းလာစေရေးကို ရည်မှန်းပြီး ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ ဖွင့်ပွဲတွင် သီဆို၊ တီးခတ်ပေးပါသော အနုပညာရှင်များအား အမှတ်(၅) စစ်နယ်မြေမှူးက ဆုတော်ငွေများ ချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍ ကျောင်းသား/ကျောင်းသူများ၊ အနုပညာရှင်များက အဆို၊ အကများဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားသို့ အမှတ်(၅) စစ်အုပ်ချုပ်ရေးနယ်မြေစစ်နယ်မြေမှူးနှင့် အရာရှိစစ်သည်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမှတ်ပေးဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အနုပညာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အေးမြင့်စန်း(ပြန်/ဆက်)