ဘိုကလေးမြို့နယ်တွင် သုတဓမ္မဒီပလိုမာ Level(1,2,3) သင်တန်းများ စက်တင်ဘာ လဆန်းမှစ၍ ဖွင့်လှစ်မည်

ဘိုကလေး ဩဂုတ် ၂၈

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာ အရှင်နန္ဒမာလဘိဝံသ ဆရာတော်ဘုရားကြီး ဦးစီးတည်ထောင်ဖွင့်လှစ်ထားသည့် ပညာဘူမိတက္ကသိုလ်မှ သုတဓမ္မဒီပလိုမာ စာမေးပွဲများအား (၆)လလျှင် (၁)ကြိမ်နှုန်းဖြင့် နှစ်စဉ် စာမေးပွဲ(၂)ကြိမ် နယ်စာစစ်ဌာနများအလိုက် ကျင်းပဆောင်ရွက်လျက်ရှိရာ  ယခုနှစ် ဒီဇင်ဘာလတွင်လည်း စာမေးပွဲကျင်းပသွားမည်ဖြစ်ပြီး အဆိုပါ စာမေးပွဲဖြေဆိုကြမည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ ရဟန်း၊ ရှင်၊ လူများအနေဖြင့် စာမေးပွဲအား လွယ်ကူစွာ ဖြေဆိုအောင်မြင်နိုင်ရေး စက်တင်ဘာလဆန်းမှစ၍  Level အလိုက် သင်တန်းများအား ဘိုကလေးမြို့ လယ်ကျက်သရေဆောင်၊ မြို့မဆွမ်းလောင်းအသင်း ဓမ္မာရုံကြီးတွင် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်သည်။

သင်တန်းအား ဘိုကလေးမြို့နယ်မှ ဆရာမ ဒေါ်နန္ဒာလုလုမှ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး စက်တင်ဘာ(၃)ရက်နေ့မှ စက်တင်ဘာ (၇)ရက်ထိ Level(2)သင်တန်း၊ စက်တင်ဘာ (၉)ရက်နေ့မှ စက်တင်ဘာ (၁၃) ရက်ထိ Level(1) သင်တန်း၊ စက်တင်ဘာ (၁၄)ရက်နေ့မှ စက်တင်ဘာ (၂၇)ရက်ထိ Level(3) သင်တန်းတို့အား နေ့စဉ် ညနေ(၃)နာရီမှ (၅)နာရီ အထိ သင်ကြားပို့ချသွားမည် ဖြစ်သည်။

အဆိုပါ သုတဓမ္မဒီပလိုမာ Level(1)တွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာအရှင်နန္ဒမာလဘိဝံသ ဆရာတော်ဘုရားကြီး ပြဋ္ဌာန်းထားသော “ဘဝခရီးဝယ် ရွေးချယ်ရမည့်လမ်း၊ မြတ်ဗုဒ္ဓဒေသနာနှင် ယနေ့ကမ္ဘာ၊ စိတ်အညစ်အကြေးများကို ဖယ်ရှားခြင်း၊ မေတ္တာသုတ်အနှစ်ချုပ်၊ သမထနှင့် ဝိပဿနာ” စသော အခန်း(၅)ခန်းကိုလည်းကောင်း၊ Level(2)တွင် “ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်၊ စိတ်၏အတွေးများ၊ ဥပုသ်စောင့်ခြင်း၏ အဓိပ္ပာယ်၊ ခန္ဓသုတ်အနှစ်ချုပ်၊ လူတိုင်းကျင့်ရန် သတိပဌာန်” စသော အခန်း(၅)ခန်းကိုလည်းကောင်း၊ Level(3)တွင် “သူတော်ကောင်းတို့၏ စိတ်နေသဘောထား၊ ဘာသာတရား လိုက်နာကျင့်သုံးခြင်း၏ ရည်ရွယ်ချက်၊ စိတ်၏ ထွက်ပေါက်များ၊ ရတနသုတ် အနှစ်ချုပ်၊ ရှင်အနန္ဒာ၏ ဝိပဿနာ” စသော အခန်း(၅)ခန်းကို လည်းကောင်း လေ့လာရကြောင်းနှင့် ဘိုကလေးမြို့နယ်အနေဖြင့် ဒီဇင်ဘာလတွင် ကျင်းပမည့် Level(1)စာမေးပွဲ ဖြေဆိုရန်(၇၂)ဦး၊ Level(2) စာမေးပွဲ ဖြေဆိုရန်(၄၈)ဦး၊ Level(3) စာမေးပွဲဖြေဆိုရန် (၁၈)ဦးရှိကြောင်း သိရသည်။

မိုးစက်(ပြန်/ဆက်)