ပေါင်းတည်မြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးရန်မသင့်သော အစားအစာများဆိုင်ရာ အသိပညာပေးဟောပြော

ပေါင်းတည် သြဂုတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနသည် ဘုန်းတော်ကြီးသင် မူလတန်းကျောင်း(သရက်တော)တွင် စားသုံးရန်မသင့်သော အစားအစာများအကြောင်းနှင့် စားသုံးမိက ရရှိလာမည့် ဆိုးကျိုးများအကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ပြည်ပမှတရားမဝင် တင်သွင်းလာသော စားသောက်ကုန်များတွင် ကလေးသူငယ်များ စားသုံးရန် မသင့်သော၊ ကျန်းမာရေးထိခိုက်နိုင်စေသော မုန့်ပဲသရေစာများ၊ အချိုရည်များနှင့် FDA မှ ထောက်ခံချက်မပါသော အစားအစာများ၊ မြန်မာစာဖြင့် ရေးသားထားသည့် ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာမပါရှိသော စားသောက်ကုန်များ ပြည်တွင်းစျေးကွက်အတွင်းသို့ မရောက်ရှိစေရန်နှင့် ဖြန့်ဖြူးရောင်းချမှုမရှိစေရန် စားသုံးသူရေးရာဦးစီးဌာနသည် ပူးပေါင်းအဖွဲ့ဖြင့် စဉ်ဆက်မပြတ် စုံစမ်းခြင်း၊ ​စျေးကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအနေဖြင့်လည်း စားသုံးရန်မသင့်သော အစားအစာများကို ရှောင်ကြဉ်ကြစေလိုကြောင်း၊ အာဟာရရှိပြီး ဘေးဥပါတ်မဖြစ်စေသော မြန်မာ့ရိုးရာအစားအစာများ၊ ဓာတုဆေးဝါးနှင့် ဆိုးဆေးများမပါဝင်သော အစားအစာများနှင့် သဘာဝသစ်သီးများကို စားသုံးကြစေလိုကြောင်းတို့ကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခံအရာရှိ ဦးနိုင်ဝင်းသိန်းက အသိပညာပေးဟောပြောသည်။

ယင်းနောက် အစားအစာမျာနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးကာ ရှင်းလင်းဖြေဆိုခဲ့ကြကြောင်း သိရသည်။

ရွှေသား (ပြန်/ဆက်)