လပွတ္တာ​မြို့နယ်တွင် သွေးလွန်တုပ်‌ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်

လပွတ္တာ ဩဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှ ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး ယနေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၁၀) ရပ်ကွက်ရှိ ပြည်သူများ၏ နေအိမ်များနှင့် ခြံဝန်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကြီးကြပ်မှုဖြင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊  မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ရပ်ကွက်များအတွင်းရှိ နေအိမ်များတွင် ပိုးလောက်လန်း ပေါက်ပွားနိုင်သော ရေအိုး၊ ရေကန်များ၊ ဘုရားပန်းအိုး၊ ရေစည်၊ ရေပုံးများတွင် ပိုးလောက်လန်းပေါက်ပွားမှု မရှိစေရန် ၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင် ရွက်ခြင်း၊ မိုးရေတင်နိုင်သော တာယာကွင်းများ၊ အိုးခွက်များအတွင်း ခြင်ပေါက်ပွားမှု မရှိစေရေး၊ ရပ်ကွက်များအတွင်းရှိ နေအိမ်များတွင် ပိုးလောက်လန်း ပေါက်ပွားမှု ရှိ/မရှိ လိုက်လံစစ်ဆေးပြီး နေအိမ်ပတ်ဝန်းကျင်များတွင် ခြင်ပေါက်ပွားမှု မရှိစေရေးအတွက် အသိပညာပေးခြင်း၊ ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများ‌ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)