ရေကြည်မြို့နယ်တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရေကြည် ဩဂုတ် ၂၈

ရေကြည်မြို့နယ်တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကို မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အဖြစ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရေကြည်မြို့နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းနေရာယူပြီး ရေကြည်မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းချစ်အေးက အားကစားကို စိတ်ပါဝင်စားစွာဖြင့် အရှိန်အဟုန်မြှင့် ပါဝင်လာပြီး ထူးချွန်ထက်မြက်သော မြို့နယ်/ခရိုင်/ တိုင်းဒေသကြီး လက်ရွေးစင် အားကစားသမားအဖြစ်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအထိ မွေးထုတ်ပေးနိုင်စေရန်အတွက် အားကစားလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲသည် မြို့နယ်ကိုယ်စားပြု အရည်အချင်းရှိသည့် အားကစားသမားများ စိစစ်မွေးထုတ်ပေးနိုင်ရေးအတွက် ကျင်းပပြုလုပ်ခြင်းဖြစ်သလို အခြေခံပညာကျောင်းအသီးသီးမှ ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာပြီး အားကစားသမားအချင်းချင်း သွေးစည်းညီညွတ်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုရရှိလာစေရန် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကာ အခြေခံပညာအထက်တန်း ကျောင်းငါးသိုင်းချောင်းအသင်းမှ ပထမဆုရရှိခဲ့ပြီး ငပိဆိပ် (အ.ထ.က)အသင်းမှ ဒုတိယဆုရကာ ကျန်ပြိုင်ပွဲဝင် အသင်းများအား ဆုများအသီးသီးပေးအပ်ခဲ့ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့‌ကြကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)