ဘုတလင် ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ မဟာဗန္ဓုလခန်းမ၌ ယနေ့နံနက်(၉)နာရီက ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးအောင်ကျော်နှင့် ဒေါက်တာကျော်ဇေလင်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ဇေလင်းက အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်အုန်းယဉ်က စုံညီပွဲတော်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများက အဖွဲ့အလိုက် ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက အဋ္ဌမတန်းလူရည်ချွန်ဆု၊ ဘက်စုံထူးချွန်ဆု၊ ICT ဆု၊ စာပေထူးချွန်ဆု၊ ဘာသာရပ်အလိုက်ထူးချွန်ဆု/စွမ်းရည်ဆု၊ မြို့နယ်အဆင့်လူရည်ချွန်ဆု၊ သင်္ချာအိုလံပစ်ဆု၊ အထိမ်းအမှတ်နေ့များတွင် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဟန်ထွန်း(အင်းဝ)