မကွေး ဩဂုတ် ၂၆
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူးများ၏ (၂၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့က မကွေးတိုင်းဒေသကြီး တရားလွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ထပ်ဆင့်ရှင်းလင်းပွဲတွင် မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်က (၂၇) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ပြည်ထောင်စုတရားသူကြီးချုပ်၏ မှာကြားချက်များကိုလည်းကောင်း၊ တရားလွှတ်တော်တရားသူကြီး ဒေါ်သင်းသင်းချိုနှင့် ဒေါ်ခင်နှင်းထွဋ်တို့က ပြည်ထောင်စုတရားလွှတ်တော်တရားသူကြီးများ၏ မှာကြားချက်များနှင့် တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးခင်မောင်မြင့်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မှာကြားချက်များကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ခရိုင်/ မြို့နယ်တရားသူကြီးများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီး တရားရေးဦးစီးမှူးက ရှင်းလင်းဆွေးနွေးခဲ့ပြီး မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်မှ တရားရေးအရာရှိများ၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ ချောက်ခရိုင်အတွင်းရှိ တရားသူကြီးများ နှင့် Online စနစ်ဖြင့် ပခုက္ကူခရိုင်၊ သရက်ခရိုင်၊ အောင်လံခရိုင်၊ ဂန့်ဂေါခရိုင်အတွင်းရှိ တရားသူကြီးများ စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)