မြန်အောင်မြို့နယ်  ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို သတ်မှတ်စျေးနှုန်းဖြင့်ရောင်းချပေး

မြန်အောင် သြဂုတ်  ၂၆

 ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ မြို့မတဲကြီးကုန်းကျေးရွာ အုပ်စုအတွင်းရှိ အခြေခံအိမ်ထောင်စုများအား ယနေ့နံနက်က စားအုန်းဆီ တစ်ပိဿာ (၆၉၈၇) ကျပ်နှုန်းဖြင့် ဆီ (၆၆၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရုံးရှေ့၌ အခြေခံအိမ်ထောင်စုဝင်များကို  စားအုန်းဆီရောင်းချပေးနေမှုအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးမြင့်အောင်၊ ရပ်ကွက်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက ကြည့်ရှုအားပေး ကူညီဆောင်ရွက် ပေးခဲ့ကြသည်။

ဒေသခံပြည်သူများ အခြေခံစားသောက်ကုန်စားသုံးဆီကို သတ်မှတ်ရည်ညွှန်းစျေးဖြင့် ဝယ်ယူနိုင်ရန် မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ကုန်စုံဆိုင်များကို ဆီကိုယ်စားလှယ်(၆)ဦးမှ သတ်မှတ်ရည်ညွှန်းစျေးဖြင့် အလှည့်ကျ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)