နတ်မောက် ဩဂုတ် ၂၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေး၊ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဈေးရပ်ကွက် မြစည်းခုံလမ်းဘေး မြေသားမြောင်းတူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ မြေသားမြောင်းတူးဖော်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက မိမိတို့မြို့နယ်အတွင်း ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး၊ ရေညစ်ညမ်းမှုများကြောင့် ခြင်ပေါက်ပွားမှုများ မဖြစ်ပေါ်စေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေတို့အတွက် အလေးထားဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ရေသွားလာမှုအား တိုးချဲ့ပိတ်ဆို့ထားမှုအပေါ် ဖယ်ရှား၍ ရေးစီးရေလာကောင်းမွန်သည့် မြေသားရေနုတ်မြောင်းများကို အဖွဲ့ပိုင်စက်ယန္တရားဖြင့်တူးဖော်ပြီး ရေပြွန်ထည့်သွင်းခြင်းလုပ်ငန်းများအား တာဝန်ခံအင်ဂျင်နီယာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများမှ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မူမူစန်း