ပုသိမ် ဩဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ် စိုက်ပျိုးရာသီတွင် ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးသွားသောသီးနှံများ အမြန်ပြန်လည်စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်များမှ စိုက်ပျိုးလုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များ၊ မျိုးစေ့ထုတ်ကုမ္ပဏီများ၊ သွင်းအားစုကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ဇူလိုင်လနှင့် ဩဂုတ်လတွင် ဖြစ်ပေါ်ခဲ့သည့် မြစ်ရေကြီးမှုဖြစ်စဉ်များ၊ မိုးအဆက်မပြတ်ရွာသွန်းမှု ဖြစ်စဉ်များကြောင့် တိုင်းဒေသကြီး အတွင်း၌ စိုက်ပျိုးဧကများရေကြီး နစ်မြုပ်ခဲ့ရပါကြောင်း၊ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စိုက်ဧကများမှ ပြန်ပေါ်စိုက်ဧကများတွင် ပျက်စီးခဲ့သည့် စိုက်ဧက များအား မိုးစပါးများ ပြန်လည်ထွန်ယက်စိုက်ပျိုးခြင်းနှင့် ထိခိုက်ခဲ့သည့် စိုက်ဧကများအတွက် အထွက်နှုန်းများ ထိခိုက်မှုမရှိစေရေး ကုစားခြင်းများဆောင်ရွက်လျက်ရှိပြီး စိုက်ဧကများ ပြည့်မီစေရေးနှင့် အထွက်နှုန်းများ ထိခိုက်မှုမရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးစပါးစိုက်ရာသီမှာ အောက်တိုဘာလကုန်အထိ သတ်မှတ်ထား၍ ၎င်းကာလအတွင်း ပျက်စီးစိုက်ဧကများအား ပြည်လည်ဖြည့်တင်း စိုက်ပျိုးရမည်ဖြစ်ပြီး မိုးစပါးစိုက်ဧကများ အပြည့်အဝပြန်လည်စိုက်ပျိုးနိုင်ရေးဆောင်ရွက်ကြရန်လိုပါကြောင်း၊ တောင်သူများ၏စိုက်ဧကများ ပျက်စီးဆုံးရှုံးမှုများအပေါ် အမြန်ပြန်လည်ကုစား ဖြည့်တင်းစိုက်ပျိုးနိုင်ရေး အတွက် လိုအပ်မည့်မျိုးစပါးများ၊ သွင်းအားစုများကို မျိုးစေ့ထုတ်ကုမ္ပဏီများ၊ သွင်းအားစု ကုမ္ပဏီများကလည်း တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးလုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီများကလည်း စုစည်းမှု ကောင်းကောင်းဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆီဖူလုံရေးနှင့် ပတ်သက်၍ ဇုန်နှစ်ခုသတ်မှတ်ဆောင်ရွက်ထားပါကြောင်းနှင့် မျိုး၊ မြေ၊ ရေ၊ နည်းလမ်းလေးသွယ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအား စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထိခိုက်ခဲ့သည့်စိုက်ဧကများတွင် အချိန်မီဖြည့်တင်း စိုက်ပျိုးနိုင်ရေးအတွက် စပါးပျိုးပင်များ၊ မျိုးစပါးရရှိရေးကို အလေးထားဆောင်ရွက်ရမည် ဖြစ်ပါကြောင်းနှင့် နေ့အလိုက် စိုက်ပျိုးပြီးစီးသည့် စိုက်ဧကများမှတ်တမ်းတင်ထားရှိပြီး ထိခိုက်ပျက်စီးခဲ့သည့် စိုက်ဧကများအပေါ် အမြန်ဆုံးပြန်လည် ကုစားစိုက်ပျိုးနိုင်မှု အခြေ အနေများအား မှတ်တမ်းထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နေကြာအပါအဝင် ဆီထွက် သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေး ရည်မှန်းချက်များ ချထားပေးလျက်ရှိရာ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပေးကြစေလိုကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ တိုးတက်စေရေးနှင့် ရေကြီးနစ်မြုပ်၍ ထိုခိုက်ပျက်စီးခဲ့သည့် စိုက်ဧကများအား အမြန်ပြည်လည်ကုစား စိုက်ပျိုးနိုင်ရေး၊ လိုအပ်ချက်များကို အချိန်မီတင်ပြဖြည့်ဆည်းနိုင်ရေး ဝိုင်းဝန်းဆွေးနွေးပေးကြရန်” အမှာစကား ပြောကြားသည်။
ထို့နောက်မြေစာရင်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါး မိုးသီးနှံ များ စိုက်ပျိုးမှုနှင့်ရေကြီးနစ်မြုပ်၊ ထိခိုက်ပျက်စီး၊ ပြန်လည်စိုက်ပျိုးမှု အခြေအနေများကို လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ခရိုင်အလိုက်သီးနှံများ ရေကြီးနစ်မြုပ်၊ ထိခိုက်၊ ပျက်စီးမှု၊ မိုးသီးနှံများထိခိုက်ပျက်စီးမှုအပေါ် ပြန်လည်ကုစားအစားထိုး စိုက်ပျိုးဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ ခရိုင်စိုက်ပျိုးလုပ်မှု တိုးတက်မြင့်မားရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများက ၂၀၂၄-၂၀၂၅ ခုနှစ် အဓီကသီးနှံ စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများ၊ မိုးစပါးထွန်ယက် စိုက်ပျိုး ပြီးစီးမှုအခြေအနေများ၊ ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံများ ထိခိုက်၊ ပျက်စီးမှုအပေါ် ပြန်လည်စိုက်ပျိုးဆောင်ရွက်မှု အခြေအနေများနှင့် မျိုးစပါးများစုဆောင်း ထားရှိမှုများကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို ထပ်မံဖြည့်စွက်မှာကြားကာ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီတွင် ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးသွားသောသီးနှံများ အမြန်ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)