ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးစပါးမျိုးစေ့ထုတ်ကွက်နှင့် ပန်းတိုင်အထွက်ရရှိရေး စံပြကွက် ဧက ၄၀၀ ကျော် လျာထားစိုက်ပျိုး

ကျွန်းလှ ဩဂုတ် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးရာသီ၌ မိုးစပါးစိုက်ပျိုးလျက်ရှိရာ မျိုးစေ့ထုတ်ကွက်နှင့် ပန်းတိုင်အထွက်ရရှိရေးစံပြကွက် ဧက ၄၀၀ ကျော် လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ ဒီနှစ် ကျွန်းလှမြို့နယ်မှာ မိုးစပါး မျိုးစေ့ထုတ်စံပြကွက် ဧက ၁၃၀၊ ပန်းတိုင်အထွက် ရရှိရေးစံပြကွက် ဧက (၃၀၀) လျာထားစိုက်ပျိုးလျက်ရှိပါတယ်။ တောင်သူတွေဆက်လက် စိုက်ပျိုးနေကြပြီး စိုက်နည်းစနစ်မှန်ကန်ရေးနဲ့ ကောက်ကွက်ပြည့်မီရေးအတွက် ကွင်းဆင်းပညာပေးလျက်ရှိပါတယ် ” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

ကျွန်းလှမြို့နယ်တွင် (၂၀၂၄ - ၂၀၂၅) ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး ၃၄၀၉၇ ဧက စိုက်ပျိုးရန်လျာထားပြီး လက်ရှိအချိန်ထိ (၂၉၅၇၁) ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ စံပြကွက်များစိုက်ပျိုးခြင်းဖြင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံပြီး မျိုးကောင်း၊ မျိုးသန့်များ ဖြန့်ဖြူးနိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို(ပြန်/ဆက်)