တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၂၀၂၄-၂၀၂၅ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားတက်ရောက်

ပုသိမ်  ဩဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ၂၀၂၄-၂၀၂၅ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားအား ယမန် နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ကျောင်းသားလူငယ်များသည် နိုင်ငံတော်အတွက် အရေးကြီးသော လူ့စွမ်းအားအရင်းအမြစ် ဖြစ်သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနှင့် ပညာရေးဝန်ကြီးဌာနပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနှင့် ညီညွတ်သော အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးနိုင်စေရန်နှင့် ကျန်းမာပျော်ရွှင်သည့် ပညာသင်ယူမှု ပတ်ဝန်းကျင်ကောင်းများ ဖန်တီးနိုင်စေရေး ရည်ရွယ်ကာ ကျန်းမာရေး အဆင့်မြှင့်ကျောင်း လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊  ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ၊ ပညာရေးနှင့်ကျန်းမာရေးဝန်ထမ်းများအပါအဝင် ပြည်သူလူထု တစ်ရပ်လုံးက ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များကို ပိုမိုသိရှိလာစေရန်၊ ပိုမိုပူးပေါင်းပံ့ပိုးလာစေရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနှင့် ညီညွတ်သည့် အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးနိုင်စေရေးနှင့် သန့်ရှင်း၍ ကျန်းမာရေးနှင့် ညီညွတ် သောကျောင်းပတ်ဝန်းကျင်များ ပေါ်ထွန်းလာစေရေး၊ ရေရှည်တည်တံ့စေရေး အထောက်အကူရစေရန်ရည်ရွယ်ပြီး နှစ်စဉ်ဩဂုတ်လဒုတိယပတ်ကို ကျောင်းကျန်းမာရေး သီတင်းပတ်အဖြစ် သတ်မှတ်ကာအထိမ်း အမှတ် လှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကျောင်းကျန်းမာရေးသီတင်းပတ်၏ အဓိကလုပ်ငန်းများမှာ ကျောင်းအခြေပြု ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်း၊ အမှိုက်ကင်းစင်ကျောင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရေးအပါအဝင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်း၊ ကျောင်းအခြေပြုရောဂါကာကွယ်ရေးလုပ်ငန်း၊ ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများ အန္တရာယ် ကင်းဝေးရေးလုပ်ငန်းနှင့် ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဖြစ်ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီးတွင် အခြေခံပညာကျောင်းသား၊ ကျောင်းသူ (၁၁သိန်း)ကျော် ပညာသင်ကြားလျက်ရှိပြီး ကျောင်းကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ဆောင်ရွက်ရာတွင် ကျောင်းနေအရွယ် ကလေးများအတွက် မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သည့် တကိုယ်ရေသန့်ရှင်းရေး အပါအဝင်အထွေထွေ ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်ခန္ဓာကြီးထွား ဖွံ့ဖြိုးမှုစစ်ဆေးခြင်း၊ မျက်စိကျန်းမာရေး စစ်ဆေးခြင်းနှင့် သွားကျန်းမာရေးစစ်ဆေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  ကျန်းမာရေးစစ်ဆေးတွေ့ရှိချက်များကို စနစ်တကျမှတ်တမ်းတင်ထားရှိရေးအတွက် ကျောင်းသားတစ်ဦးစီ၏ ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်တွင် ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများက အသီးသီးဖြည့်သွင်းကြပြီး အတန်းအလိုက် ဆက်လက်ဖြည့်သွင်းထားရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အခြားဆက်စပ်ဝန်ကြီးဌာနများ၊ နှီးနွယ်အဖွဲ့အစည်းများ၊ ပြည်သူလူထုများပူးပေါင်းပြီး ကျန်းမာ ရေးအဆင့်မြှင့်ကျောင်းများကို နည်းစနစ်ကျကျအကျိုးရှိရှိ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးကြီးသော လူ့စွမ်းအား အရင်းအမြစ်ဖြစ်သည့် ကာယ၊ ဉာဏ၊ စာရိတ္တနှင့်ပြည့်စုံပြီး ဗလငါးတန်ပြည့်ဝသည့် ကျောင်းသားလူငယ်များပေါ် ပေါက်လာမည်ဖြစ်ပါကြောင်း၊ ၂၀၂၄-၂၀၂၅ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်၏ ဆောင်ပုဒ်ဖြစ်သည့် “ဗလငါးတန်ဖွံ့ဖြိုးရေး ကျောင်းကျန်းမာရေး အလေးပေး”ဆိုသည့်အတိုင်း နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက်ရန် အဓိက လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသားလူငယ်များ၏ ဗလ ငါးတန်ဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် ကျောင်းကျန်းမာရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန ပူးပေါင်းပြီး အခြားဆက်စပ်ဌာနများ၏ ပံ့ပိုးကူညီမှုနှင့်အတူ ရှေ့ဆက်ဆောင်ရွက် သွားကြစေလိုကြောင်း” အဖွင့်အမှာစကား များပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ၂၀၂၄-၂၀၂၅ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုအထိမ်းအမှတ် ဗီဒီယိုပြသမှုနှင့်  ကျောင်းသား၊ ကျောင်းသူလေးများ၏ “လက်ဆေးခြင်း”ကဗျာဖြင့် တေးသရုပ်ဖော်တင်ဆက်ဖျော်ဖြေမှုတို့ အား ကြည့်ရှုအားပေးသည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက အလယ်တန်း ကျောင်းသား၊ ကျောင်းသူလေးများအား သံဓာတ်ဆေးဝါးများ တိုက်ကျွေးခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကာ (၂၀၂၄-၂၀၂၅)ပညာသင်နှစ် ကျောင်းကျန်းမာ ရေး သီတင်းပတ်လှုပ်ရှားမှုများ အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကန်သုံးဆင့်ပန်းခြံတွင် ပြည်သူများကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများပြုလုပ်နိုင်ရန်နှင့် အပန်းဖြေအနားယူနိုင်ရန် အတွက် ကန်သုံးဆင့်ပန်းခြံ စိမ်းလန်းစိုပြေစေရေး  ပန်းအလှပင်များစိုက်ပျိုးထားရှိမှုများ၊ မြေယာရှုခင်းများပြုလုပ်နေမှုနှင့်  ကန်ပတ်လမ်းတစ်လျှောက် သန့်ရှင်းရေးဆောင်ရွက်နေမှု များကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ကလေးကစားကွင်းနှင့် ကားပါကင် ထည့်သွင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပန်းခြံနှင့် ကန်ပတ်လမ်းတစ်လျှောက် အမှိုက်များစနစ်တကျစွန့်ပစ်ရေး၊  ယခုလက်ရှိကန်ပတ်လမ်းအား တိုးချဲ့၍ ပြည်သူများစိတ်အေးချမ်းသာစွာဖြင့် အပန်းဖြေ အနားယူနိုင်ရန်နှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများပြုလုပ်နိုင်ရေး၊ တိုးချဲ့လမ်းအား သဘာဝပတ်ဝန်းကျင်မထိခိုက်စေရေးအတွက် စွန့်ပစ်ပလက်စတစ်များအသုံးပြု၍ လမ်းခင်း တုံးများထုတ်လုပ်ကာ ခင်းကျင်းဆောင်ရွက် သွားနိုင်ရေး၊ ကော်ဖီပင်များစိုက်ပျိုးနိုင်ရေး ကိစ္စရပ်များကိုမှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ လူသန့်ချောင် ကျေးရွာရှိ တောင်သူဦးမြင့်လွင်၏ ရေကြီးနစ်မြုပ်၍ ပြန်ပေါ်သည့်စိုက်ဧကတွင် GW-11 မျိုးစပါးအား ကောက်စိုက်လုံမေများဖြင့် စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)