လက်ပံတန်း ဇန်နဝါရီ ၈
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူး ထူးချွန်ဆုများ ချီးမြှင့်ပွဲကို ယနေ့နံနက် ၉နာရီက အ.ထ.က(၁) နဝဒေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ပညာရေးစုံညီပွဲတော်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမင်းကျော်သူက အဖွဲင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်မျိုးမော်က ပညာရေးဆိုင်ရာ အချက်အလက်များနှင့် စုံညီပွဲတော် ကျင်းပရသည့် ရည်ရွယ်ချက်များ၊ ကျောင်းဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆရာ၊ ကျောင်းသား၊ မိဘများ ပူးပေါင်း ဆောင်ရွက်ကြရန်၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအသင်း များကလည်း ဝိုင်းဝန်းအကြံပြုပေးကြရန်၊ ကျောင်းအတွက် လိုအပ်သည်များကို လှူဒါန်းပေးသော အလှူရှင်များကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဘက်စုံပညာ ထူးချွန်ဆုများကို တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ခဲ့သည်။
အဆိုပါ စုံညီပွဲတော်နှင့် ဘက်စုံပညာ ထူးချွန်ဆုများ ချီးမြှင့်ပွဲတွင် ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော်အကများနှင့် ကပြဖျော်ဖြေကြကြောင်း သိရသည်။
အဆိုပါ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာ ထူးချွန်ဆုများ ပေးအပ်ပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ မြို့နယ်ပညာရေးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ညနေပိုင်းတွင် မြို့နယ်ပညာရေးမှူးရုံး၌ နိဗ္ဗာန်ဈေး ပွဲတော်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး