မင်းဘူး(စကု)မြို့နယ်ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(စကု) ဖွင့်လှစ်သင်ကြားနေမှုနှင့် ယခုနှစ် မိုးစပါးစိုက်ပျိုးပြီးစီးမှု အခြေအနေအား တာဝန်ရှိသူများကွင်းဆင်းကြည့်ရှုစစ်ဆေး

မင်းဘူး ဩဂုတ် ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ  အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(စကု)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားနေမှုနှင့် မြို့နယ်အတွင်း၌ ယခုနှစ် မိုးစပါးစိုက်ပျိုး ပြီးစီးမှုအခြေအနေများကို စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် တာဝန်ရှိသူများသည် စကုမြို့အ‌ခြေခံပညာအထက်တန်း ကျောင်းနှင့် တွဲဖက်ဖွင့်လှစ်သည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(စကု)သို့ ရောက်ရှိပြီး အဆိုပါကျောင်းမှ ကျောင်းအုပ် ဆရာကြီးနှင့် ဘာသာရပ်အလိုက် သင်ကြားရေး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ်က အခြေခံစိုက်ပျိုး၊ မွေးမြူရေးပညာ ဘာသာရပ်များ၏ အရေးပါမှု၊ အနာဂတ်ပညာရေးနှင့်ပတ်သက်၍ ဆက်လက် ပညာသင်ကြားခွင့်၊ ကျောင်းတက်ရောက်ပြီးစီးပါက ရရှိနိုင်သည့် အလုပ်အကိုင်နှင့် အခွင့်အလမ်းများကို အသေးစိတ် ရှင်းလင်းပြောကြားပြီး ပထမနှစ် Grade-10 နှင့် ဒုတိယနှစ် Grade-11 ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှု အားပေးကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထူးပြုဘာသာရပ် ကျောင်းသား၊ ကျောင်းသူ ၆၈ ဦးတို့အတွက် ကျောင်းသုံးစာရေးကိရိယာ ဗလာစာအုပ်နှင့် ဘော့စ်ပင်များကို ထောက်ပံ့လှူဒါန်းပေးခဲ့သည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့်တာဝန်ရှိသူများက မင်းဘူး(စကု)မြို့နယ်၊ ဥယျာဉ်ဇင်ကျေးရွာအုပ်စု သိမ်ကုန်းနည်းပညာ ပြန့်ပွားရေးစင်တာဝင်းအတွင်းရှိ ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးပညာပေးရေးသင်တန်းကျောင်းသို့သွားရောက်၍ တောင်သူပညာပေးသင်တန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေမှု၊ မြို့နယ်အတွင်း ဆန်၊ စပါး ဖူလုံ ပေါများစေရန် ယခုနှစ်စိုက်ပျိုး ရာသီအတွက် မိုးစပါးကို ဧကပေါင်း ၄၀၉၃၂ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်မှုနှင့် ယခုလက်ရှိ မိုးစပါးကို စိုက်ပျိုးစနစ် နည်းလမ်းမျိုးစုံအသုံးပြု၍ ဧကပေါင်း ၃၀၀၀၀ ကျော် စိုက်ပျိုးပြီးမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)