မုဒုံမြို့၌ သတ္တမအကြိမ်မြောက် ဝါခေါင်လ ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား ကျင်းပ

မုဒုံ သြဂုတ် ၂၅

သတ္တမအကြိမ်မြောက်  ဝါခေါင်လ ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဂျုံးဂျုံးကျတောရကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားရှိခိုးကန်တော့၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီး ဂျုံးဂျုံးကျတောရကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တကိတ္တိဝဏ္ဏထံမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များ၊ မွန်ပြည်နယ် ကရင်စာပေနှင့်ယဥ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစောအောင်ကျော်သိန်းနှင့် ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူသည်။ ထို့နောက် ဆရာတော်ကြီးများမှ မေတ္တသုတ်ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ချီးမြှင့်ခဲ့ပြီး ပင့်သံဃာ(၁၆)ပါးတို့အား တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများဆပ်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေသည်။

ဆက်လက်၍ မွန်ပြည်နယ် ကရင်စာပေနှင့်ယဥ်ကျေးမှုအသင်းဥက္ကဋ္ဌက ကရင်ရိုးရာချည်ဖြူဖွဲ့ပြုလုပ်ရခြင်းမှာ ကွဲကွာနေသောဆွေမျိုးများပြန်လည်တွေ့ဆုံနိုင်စေရန်၊ ကရင်အမျိုးသားအချင်းချင်း ချစ်ကြည်ရင်နှီးမှုကိုရရှိစေပြီး မျိုးဆက်သစ်လူငယ်များအားလူကြီးများမှ သွန်သင်ဆုံးမစကားပြောကြားနိုင်ရန်၊ ရိုးရာယဥ်ကျေးမှုဖြစ်သည့် စကား၊ စာပေ၊ အနုပညာ၊ ဝတ်စားဆင်ယင်မှုနှင့် ရိုးရားဓလေ့များမပျောက်ကွယ်စေရန်နှင့် ကရင်တိုင်းရင်းသားများအချင်းချင်း စည်းလုံးညီညွတ်စွာ ချစ်ချစ်ခင်ခင်နေထိုင်သွားကြရန်ရှင်းလင်းပြောကြားပြီး မုဒုံမြို့နယ် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာကျင်းပရေးနာယကမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယင်းနောက် ဆရာတော်ကြီးမှတက်ရောက်လာသည့် ဧည့်ပရိသတ်အပေါင်းတို့အား ချည်ဖြူဖွဲ့ပေး၍ ကရင်မျိုးဆက်မောင်မယ်များမှ ကရင်ရိုးရာယဥ်ကျေးမှု အဆို၊ အကတေးသီချင်းများဖြင့် ဖျော်ဖြေကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)