မြန်အောင်တွင်၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရကျောင်းသား၊ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများ၊ သင်ကြားပေးသောဆရာဆရာမများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

မြန်အောင် သြဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရကျောင်းသား၊ သူများ၊ အောင်ချက်အကောင်းဆုံးကျောင်းများ၊ သင်ကြားပေးသော ဆရာဆရာမများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အောင်ဇေယျ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားအား အ.ထ.က(၂) မြန်အောင် ကျောင်းသား၊ ကျောင်းသူများက “မြန်မာ့ကျောင်း”သီချင်း သီဆိုဖွင့်လှစ်ပြီး မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြန်အောင်ခရိုင်ပညာရေးမှူး ဦးမြင့်အောင် က ဂုဏ်ပြုအမှာစကားပြောကြားပြီး မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းက ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအဆင့် ပထမဆုရ မြန်အောင်ခရိုင်နှင့်မြို့နယ်၊ ဒုတိယဆုရ ကြံခင်းမြို့နယ်နှင့် ခရိုင်အဆင့် တတိယဆုရ အင်္ဂပူမြို့နယ်၊ တိုင်းဒေသကြီးအထက်တန်းကျောင်း (ခွဲ)အဆင့် ပထမဆုရ အ.ထ.က(ခွဲ)ရေနံမြေ၊ တိုင်းဒေသကြီး အထက်တန်းကျောင်းအဆင့် ဒုတိယဆုရ အ.ထ.က သပြေကုန်းကျောင်းတို့နှင့်ခရိုင်အတွင်း (၆)ဘာသာ၊ (၅)ဘာသာ၊ (၄) ဘာသာဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ အောင်ချက်အကောင်းဆုံးကျောင်းများ၊ ဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်အောင် သင်ကြားပေးသောဆရာဆရာမများအား မြန်အောင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ကျော်နှင့် ခရိုင်/ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်းနှင့်တာဝန်ရှိ သူများက ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ခဲ့ကြသည်။

 ဆက်လက်၍ မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး မင်းမင်းစိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးတင်ဝင်း၊ မြို့နယ်ပညာရေးမှူးနှင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက ဂုဏ်ထူးရထူးချွန် ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်မှ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် (၅)ဘာသာဂုဏ်ထူးရရှိသူ(၂)ဦး၊ (၄)ဘာသာဂုဏ်ထူး ရရှိသူ(၃)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရရှိသူ (၁၀)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ (၂၂)ဦးနှင့် (၁) ဘာသာဂုဏ်ထူးရရှိသူ(၄၁)ဦး စုစုပေါင်းဂုဏ်ထူးရရှိသူ ကျောင်းသား၊ကျောင်းသူ (၇၈)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြပြီး အ.ထ.က(၂) ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းသီဆိုဖျော်ဖြေ၍ အခမ်းအနားအောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင်(ပြန်/ဆက်)