ပဲခူး ဩဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျာင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတမြင့်မားပြီး၊ ဗလငါးတန်ဖွံ့ဖြိုးစေရန်အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းရှိ အားကစားရုံ၌ ကျင်းပကြောင်း သိရသည်။
ဦးစွာ ပဲခူးမြို့၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နီအေးက အဖွင့်အမှာစကားပြောကြားပြီး၊ ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာများသာမက ဗဟုသုတရရှိစေမည့် စာအုပ်၊ စာစောင်များကို ဖတ်ရှုကြစေလိုကြောင်း မိမိကိုယ်ကိုယုံကြည်မှု၊ ရဲရင့်မှုနှင့် အမြော်အမြင်ရှိရှိ ဆုံဖြတ်ရွေးချယ်နိုင်မှုများသည် စာဖတ်ခြင်းမှ ရရှိခြင်းဖြစ်ကြောင်း စာပေလေ့လာခြင်းဖြင့် အသိပညာများဖွံ့ဖြိုးပြီး နိုင်ငံသားကောင်းလူငယ်များ ဖြစ်လာရေး ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ကျောင်းစာကြည့်တိုက်အတွက် သုတ၊ ရသ စာအုပ်များ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရာ ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်က ဦးဆောင်ဆွေးနွေးပေးပြီး အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် Grade-(11) မှ မသော်တာဝင်း၊ Grade-(10) မှ မောင်ရဲမာန်ဟိန်း၊ Grade-(9) မှ မချယ်ရီအောင်မင်းနှင့် Grade-(10) မှ မောင်အောင်မင်းခန့်တို့က “လူငယ်နှင့် ပညာရေး’’၊ “လူငယ်နှင့် ကျန်းမာရေး’’၊ “လူငယ်နှင့် ဆိုရှယ်မီဒီယာ’’၊ “ငယ်စဉ်လှုပ်ရှား အားကစား’’ စသည့်ခေါင်းစဉ်အသီးသီးဖြင့် ပါဝင်ဆွေးနွေးပေးရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုအပေါ် သိရှိလိုသည်များကိုမေးမြန်းရာ ဦးဆောင်ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးသည်။ ယင်းနောက် တက်ရောက်လာသူများက ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် လူငယ်အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် သုတ၊ ရသ စာအုပ်များအား လေ့လာကြည့်ရှုမှတ်သားကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)