ပွင့်ဖြူ ဩဂုတ် ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)စီမံကိန်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရွှေလှေကျေးရွာအုပ်စု၊ ဖိုးပေါက်စုကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးလှဌေးမောင်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များနှင့်အတူ ဖိုးပေါက်စုကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များ၊ ကျေးရွာသူ၊ ကျေးရွာသားများကို တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဖိုးပေါက်စုကျေးရွာ၌ အရှည်ပေ ၆၈၀ ၊ အကျယ် ၁၂ ပေ ၊ အမြင့် ခြောက်လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် နိုင်ငံတော်ပံ့ပိုးငွေကျပ် (၁၅)သန်း ၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေကျပ်( ၅ ဒသမ ၄ )သန်း ၊ စုစုပေါင်း ငွေကျပ် ၂၀ ဒသမ ၄ သန်း အသုံးပြု၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူ ၊ ကျေးရွာသားများကိုယ်တိုင် ယခုနှစ် ဩဂုတ်လ (၁၅)ရက် နေ့က လုပ်ငန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ၆၂ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးပါက ဖိုးပေါက်စုကျေးရွာရှိ အိမ်ခြေ ၉၂ အိမ် ၊ လူဦးရေ ၃၂၁ ဦးအတွက် ရာသီမရွေး အဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )