မြို့သစ်မြို့နယ်မှ ဒေသထွက် ငရုပ်သီးစိမ်းများ စျေးကောင်းရရှိ၍ အဆင်ပြေ

မြို့သစ်  ဩဂုတ် ၂၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေကို စပါး၊ နှမ်း၊ မြေပဲများသာမက ရာသီအလိုက် ကာလတို/ကာလရှည် သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ငရုပ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်လျက်ရှိပြီး ရောင်းချချိန် ငရုပ်သီးစိမ်း စျေးကောင်းရ၍ ငရုပ်စိုက်ပျိုးတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ငရုပ်သီးနှံသည် ပျိုးထောင်သည့် အချိန်မှစတင်ပြီး ခူးဆွတ်ရောင်းချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစားဖြစ်ပြီး စိုက်ပျိုးမြေအမျိုးအစားနှင့် ရာသီဥတုအခြေအနေပေါ်မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်းဆေးများ အသုံးပြုရကြောင်း ငရုပ်စိုက်ပျိုးသူတစ်ဦးထံက သိရသည်။

ငရုပ်မျိုး(၂)ထုပ်စိုက်ပျိုးပါက ငွေကျပ်ခြောက်သိန်းခွဲဝန်းကျင်ခန့် ကုန်ကျကြောင်း စိုက်ပျိုးပြီး ရက်ငါးဆယ်ဝန်းကျင်တွင် အသီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း၊ အသီးစတင်ခူးဆွတ်ရာတွင် ပိဿာချိန်နည်းသော်လည်း အသီးလှိုင်ချိန်တွင် တစ်ခါခူးဆွတ်ပါက ပိဿာချိန်(၁ဝဝ) ပိဿာကျော်အထိ ခူးဆွတ်ရကြောင်း၊ (၂)ရက်ခြားတစ်ကြိမ် ခူးဆွတ်ရသဖြင့် နေ့စဉ်နီးပါးဝင်ငွေရကြောင်း၊ ရောင်းဈေးအနေဖြင့် ငရုပ်သီးတစ်ပိဿာ ငွေကျပ် (၄၀၀၀)ကျပ်ဝန်းကျင် ရောင်းချရသဖြင့် ငရုပ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် စီးပွားဖြစ် ငရုပ်ပင်စိုက်ပျိုးသူများအနေဖြင့် “ငရုပ်အပွမျိုး၊ အတောင့်ရှည်ငရုပ်မျိုးနှင့် ထိုင်ဝမ်ငရုပ်မျိုးများကို အဓိကထား စိုက်ပျိုးကြကြောင်း၊ ထိုင်ဝမ်ငရုပ်မျိုးများသည် အခွံထူ အထားခံမျိုးဖြစ်သောကြောင့် စိုက်ပျိုးမည်ဆိုပါက ဦးစွာ သဘာဝမြေဩဇာဖြစ်သည့် နွားချေး၊ ကွန်ပေါင်းဓာတ်မြေဩဇာများနှင့် မြေပြုပြင်ထားမှသာ အပင်ဖြစ်ထွန်းမှုကောင်းပြီး အသီးထွက်နှုန်းကောင်းမွန်ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)