ပုသိမ် ဩဂုတ် ၂၄
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မင်းကျောင်းကြီးကျောင်းတိုက်၌ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်နေသော တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအားပေးပို့ရန် ပြည်သူများမှလှူဒါန်းသည့် စားသောက်ဖွယ်ရာများ ကြော်လှော်ထုတ်ပိုးပြင်ဆင်နေမှုများကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများသည်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် မြောင်းမြမြို့၊ မင်းကျောင်းကြီးကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုခဲ့ပြီး သာသနာရေးဆိုင်ရာကိစ္စရပ်များကို တင်ပြလျှောက်ထားကာ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်ကို စွမ်းစွမ်းတမံထမ်းဆောင်နေသော တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအားပေးပို့ရန် ပြည်သူများမှ စေတနာ၊ မေတ္တာအပြည့်ဖြင့် လှူဒါန်းသည့် စားသောက်ဖွယ်ရာများ ကြော်လှော်ထုတ်ပိုးပြင်ဆင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်တန်ခန်းမတွင်ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ မိုးစပါးတွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်သူများအား မျိုးစပါးနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ ဆက်လက်တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “မိုးအဆက်မပြတ်ရွာသွန်းမှုများပြားပြီး မြစ်ရေကြီးမှုဖြစ်စဥ်များကြောင့် တိုင်းဒေသကြီးအတွင်း၌ စိုက်ပျိုးဧကများရေကြီးနစ်မြုပ်ခဲ့ရပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးခဲ့သည့် စိုက်ဧကများအတွက်မျိုးစပါးနှင့် သွင်းအာစုများကို နည်းလမ်းအသွယ်သွယ်ဖြင့် အချိန်မီကုစားနိုင်ရေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်စိုက်ဧကများမှ ပြန်ပေါ်စိုက်ဧကများတွင် ပျက်စီးခဲ့သည်စိုက်ဧကများအား မိုးစပါးများပြန်လည်ထွန်ယက်စိုက်ပျိုးခြင်းနှင့် ထိခိုက်ခဲ့သည့်စိုက်ဧကများအတွက် အထွက်နှုန်းများထိခိုက်မှုမရှိစေရေးကုစားခြင်းများဆောင်ရွက်လျက်ရှိပြီး စိုက်ဧကများပြည့်မီစေရေးနှင့် အထွက်နှုန်းများထိခိုက်မှုမရှိစေရေး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိခိုက်ပျက်စီးခဲ့သည့်စိုက်ဧကများတွင် အချိန်မီ၊ ရာသီမီစိုက်ပျိုးနိုင်ရန်နှင့် ဒုတိယသီးနှံများအချိန်မီစိုက်ပျိုးနိုင်ရေးအတွက်လည်း ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ထိခိုက်ပျက်စီးခဲ့သည့်စိုက်ဧကများတွင် အချိန်မီကုစား ဖြည့်တင်းစိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သော မျိုးစပါး၊ သွင်းအားစုများကို ဝယ်ယူကြိတ်ခွဲရေးအစုအဖွဲ့များ၊ သွင်းအားစုကုမ္ပဏီများ၊ မျိုးစေ့ထုတ်ကုမ္ပဏီများ ဖိတ်ခေါ်၍ ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့်လည်း ထိခိုက်ပျက်စီးခဲ့သည့် စိုက်ဧကများတွင် အချိန်မီကုစားစိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းနှင့် စိုက်ဧကများပြည့်မီစေရေးနှင့် အထွက်နှုန်းများထိခိုက်မှုမရှိစေရေး အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း” အမှာစကားများပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်သူများအား မျိုးစပါးနှင့်သွင်းအားစုများထောက်ပံ့ပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)