မုံရွာ သြဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄)ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မုံရွာခရိုင်/မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအနေဖြင့်လည်း သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အောင်မြင်စေရေးအတွက် လိုအပ်သည့်မြေပုံရေးဆွဲခြင်း၊ အဆောက်အဦမှတ်တမ်းတင်ခြင်း၊ ကောက်ကွက်ဖွဲ့စည်းခြင်း၊ စာရင်းစစ်၊ စာရင်းကောက်များစုဖွဲ့၍ သက်မှတ်သင်တန်းများ ဆောင်ရွက်ခြင်းတို့အား ဗဟိုသန်းခေါင်စာရင်းကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီများမှ တာဝန်ရှိသူများအနေဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်ခံယူ၍ အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဆန်းအောင်က တိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု၊ ဆောင်ရွက်ထားရှိမှု၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးဆိုင်ရာကိစ္စရပ်များ၊ မဲစာရင်းပြုစုရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများနှင့်ပတ်သက်၍ မိမိတို့ဌာနများအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအား အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်နှင့် မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက မိမိတို့ခရိုင်အတွင်းရှိ မြို့နယ်များ၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေနေများနှင့် ကြိုတင်ပြင်ဆင်ထားရှိမှု လုပ်ငန်းအခြေအနေများအား ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်သွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးဖြည့်စွက်ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)