စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဝါနှင့်နေကြာ စိုက်ဧကပြည့်မီရေးအတွက် ဝါမျိုးစေ့နှင့်နေကြာမျိုးစေ့များ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

မုံရွာ သြဂုတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဝါနှင့်နေကြာ စိုက်ဧကပြည့်မီရေးအတွက် ဝါမျိုးစေ့နှင့်နေကြာမျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်သလ္လာခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံတောင်သူများနှင့် စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်း(အလုံ)မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး၏ စိုက်ပျိုးစွမ်းအား မြှင့်တင်နိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိရာ သီးနှံစိုက်ပျိုးရာသီအလိုက် လျာထားဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေးသည် အခြေခံကျသည့် အဓိကလုပ်ငန်းတစ်ခုဖြစ်ခြင်းကြောင့် ယခုမိုးရာသီတွင် ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် ဆီထွက်သီး နှံ၊ ပဲမျိုးစုံနှင့်အခြားသီးနှံများ ပန်းတိုင်ရည်မှန်းချက်အား ပြည့်မီအောင်စိုက်ပျိုးနိုင်မည်ဆိုပါက တိုင်းဒေသကြီး၏ ဆန်၊ ဆီ၊ ပဲဖူလုံမှုများ ပိုမိုတိုးတက်လာနိုင်မှာဖြစ်သကဲ့သို့ ဝါသီးနှံနှင့် ဆက်စပ်လျှက်ရှိသည့် စက်မှုလက်မှုလုပ်ငန်းများ၏ အခြေခံကုန်ကြမ်း လိုအပ်ချက်များ တိုးတက်ဖြည့်ဆည်းနိုင်ရေးအတွက် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကိုလည်း အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့များမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဝါနှင့်နေကြာ စိုက်ဧကပြည့်မီရေးအတွက် မိမိတို့ဌာနများအလိုက် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဝါနှင့်နေကြာ စိုက်ဧကပြည့်မီရေးအတွက် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်တင်ပြဆွေးနွေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် တောင်သူများမှ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုသည်များအားမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံတောင်သူနှစ်ဦးထံ ချည်မျှင်ရှည်ဝါမျိုးစေ့နှင့် နေကြာမျိုးစေ့များအား ထောက်ပံ့ပေးအပ်ပြီး တိုင်းဒေသကြီးတရားသူကြီးချုပ်က ဒေသခံတောင်သူတစ်ဦးထံ ချည်မျှင်ရှည်ဝါမျိုးစေ့များအား ထောက်ပံ့ပေးအပ်ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက မုံရွာမြို့နယ်အတွင်းရှိကျေးရွာများမှ ဒေသခံတောင်သူများထံ ချည်မျှင်ရှည်ဝါမျိုးစေ့နှင့် နေကြာမျိုးစေ့များအား အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာကြသည့် ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံးဝန်းအတွင်း တိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာနမှ ပြသထားသော မျိုးစေ့ချကိရိယာများနှင့် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ဒေသခံတောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ Online စနစ်ဖြင့်လေ့လာနိုင်ရေး နည်းပညာပေးစင်တာအတွင်း Mobile Phone ဖြင့် အသုံးပြုပုံများအား ရှင်းလင်းပြသနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)