လက်ပံတန်း ဩဂုတ် ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားနိုင်ရေးအတွက် ရည်ရွယ်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သာယာဝတီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ကျွန်းကလေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူး သိန်းသန်းစိုးက အဖွင့်အမှာစကားပြောကြားပြီး သာယာဝတီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဖြိုးဖြိုးအောင်က "လူသုံးကုန်ထုတ်လုပ်မှုသင်တန်း ဖွင့်လှစ်ပေးခြင်းဖြင့် ပြည်သူများ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လာနိုင်ပြီး မိသားစုဝင်ငွေများ တိုးပွားလာစေရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်နှင့် ပြည်ပမှတင်သွင်းသော လူသုံးကုန်ပစ္စည်းများ လျော့နည်းလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း" ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်လွင်မာစိုးက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းအထောက်အကူပြုပစ္စည်းများ ပေးအပ်ရာ သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။
အဆိုပါသင်တန်းကို ပထမအကြိမ်အဖြစ် ဩဂုတ်လ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ (၇)ရက်ကြာ သင်ကြားပို့ချပေးပြီး ပိုမိုကျွမ်းကျင်စေရန်အတွက် ဒုတိယအကြိမ် မွမ်းမံသင်တန်းကို စက်တင်ဘာ ၁၂ ရက်မှ ၁၈ ရက်နေ့အထိ (၇)ရက်ကြာ ထပ်မံသင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းဆင်းပါက သင်တန်းတွင်ထူးချွန်သူ (၅)ဦးအား ရွေးချယ်၍ ကိုယ်ပိုင်လုပ်ငန်း စတင်ထူထောင်ရန် ငွေကျပ် ၁၄ သိန်းဖိုးရှိ ကုန်ထုတ်လုပ်မှုရင်းနှီးပစ္စည်းများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)