စလင်း သြဂုတ် ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြောင်းအရာများကို လူငယ်လူရွယ်များဖြစ်သည့် ကျောင်းသား/ ကျောင်းသူများ အကျယ်တဝင့် သိရှိနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းအေခြခံဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က စလင်းမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးသိန်းဌေးက အဖွင့်အမှာစကား များပြောကြားခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဦးရန်အောင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာပုံ၏ အကြောင်းအရင်းများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ မရှိမဖြစ် လိုအပ်သည့်အရာများဖြစ်ပြီး ယင်းဥပဒေဖြင့်သာ နိုင်ငံတစ်နိုင်ငံကို မည်သည့်ဝါဒမည်သည့်စနစ်ဖြင့် အုပ်ချုပ်မည်ဖြစ်ကြောင်း အချုပ်အခြာအာဏာဖြစ်သည့် အုပ်ချုပ်ရေးအာဏာ တရားစီရင်ရေးအခန်းကဏ္ဍနှင့် ဥပဒေပြုရေးအာဏာတို့အား မည်သို့မည်ပုံ ရေးဆွဲရမည်တို့ကို ပြဋ္ဌာန်းသတ်မှတ်ကြခြင်းဖြစ်ကြောင်း ဖွဲ့စည်းပုံအခြခံဥပဒေရေးဆွဲမှု မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများကို အကျယ်တဝင့် ပြောကြားခဲ့သည်၊ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်ကြည်ထွေးက ရွေးကောက်ပွဲ ဥပဒေဆိုင်ရာ အချက်များနှင့် အသက်အရွယ်အလိုက် မဲဆန္ဒပေးရမည့် ကန့်သတ်ချက်များကို ပြည့်စုံစွာ ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ စလင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ မြို့နယ်ပညာရေးမှူး ဦးသိန်းဌေး၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ အထက်တန်းအဆင့်ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၁၅)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။
မောင်လွင်(ပြန်/ဆက်)