မြို့သစ် ဩဂုတ် ၂၃
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ စားသုံးသူ ပြည်သူများ သက်သာစွာစားသုံးနိုင်ရေးအတွက် မြို့သစ်မြို့နယ် စည်ပင်သာယာစျေးကြီးရှိ အသားဆိုင်များ၌ လက်ရှိမြေပြင်တွင် ဖြစ်ပေါ်ရောင်းချလျက်ရှိသော အသား (အမဲ၊ ဝက်၊ ဆိတ်) စျေးနှုန်းများအား ဗီနိုင်းဆိုင်းဘုတ်များဖြင့် လျှော့ချသတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချစေရေးအဖွဲ့ ဝန်ထမ်းများက နေ့စဉ်အချိန်ပြည့်စောင့်ကြပ်ကြည့်ရှုစစ်ဆေးများကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့် အဖွဲ့ဝင်များမှ ကြည့်ရှုခဲ့ပြီး မြို့မဈေးအတွင်းရှိ အသားဆိုင်များ၌ လက်ရှိ မြေပြင်တွင်ရောင်းချလျက်ရှိသော (အမဲသား၊ ဝက်သား၊ ဆိတ်သား၊ အသားများ၏ ဈေးနှုန်းများကို ဆိတ်သားတစ်ပိဿာ (၁၆၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာ (၁၃၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာ (၁၂၀၀၀) ကျပ် စျေးဖြင့် ရောင်းချရန် အသားအရောင်းဆိုင်များတွင် ဗီနိုင်းဆိုင်းဘုတ်များချိတ်ဆွဲ၍ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့သည်။
မြို့သစ်မြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အသားဆိုင်များအားသတ်မှတ် ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းအပြင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် နေ့စဉ်အမှိုက်သိမ်းယာဉ်ဖြင့် မြို့ပေါ်(၅)ရပ်ကွက်အတွင်းနှင့် မြို့ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်စေရန် စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များ ကောက်ယူရှင်းလင်းခြင်း၊ မြို့တွင်းရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ခြင်း၊ မြို့တွင်းလမ်းဘေး ပလက်ဖောင်းများ သစ်လွင်တောက်ပစေရန်ဆေးသုတ်ခြင်း၊ မြို့ပြလှပစေရန်အတွက်( We Love Myo thit) ဆိုင်းဘုတ်ဘေးပတ်လည်၌ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ မြို့တွင်း စိမ်းလန်းစိုပြည်စေရန် စိုက်ပျိုးထားရှိသော Flower Box များ ဆေးသုတ်ခြင်းနှင့် ပန်းအလှပင်များ ရေဖျန်းခြင်း၊ မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စည်ပင်သာယာဈေး၌ အပတ်စဉ်ဈေးသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပြည်သူလူထုစနစ်တကျ အမှိုက်စွန့်ပစ်နိုင်ရန် အမှိုက်များ လိုက်လံသိမ်းဆည်းပေးခြင်းစသည့် မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ထံမှသိရသည်။
သန်းဝင်းထွန်း ( ပြန်/ဆက်)